ဗကသ ကျောင်းသား ၃ ဦးကို စစ်ကောင်စီမှ နှစ်ရှည်ထောင်ဒဏ်များချမှတ်

Author ခေတ်နီ
Categories
Published on Dec 24, 2022

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ကျောင်းသား ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်လိုက်ကြောင်း ဗကသအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

ဗကသ အဖွဲ့ချုပ် ဗဟိုအမှုဆောင် မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီ၏ အိုးဘိုထောင်တွင်းတရားရုံးမှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများ ဖြစ်သော ပုဒ်မ ၅၀ ညနှင့် ပုဒ်မ ၅၂ တို့ဖြင့် ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၂၂ နှစ်စီချမှတ်ခဲ့တာပဲဖြစ်သည်။

၎င်းတို့ ၃ ဦးသည် ၂၀၂၂ မတ်လ ၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများဖြစ်ပြီး ထိုသို့ အမိန့်ချခံရမှုအပေါ် ဗကသ များ (အဖွဲ့ချုပ်)၏ အဖွဲ့ဝင်သမဂ္ဂ ကျောင်းသားတစ်ဦးမှလည်း ယခုလိုဆိုထားသည်။

“စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး တိုက်ပွဲ၀င်နေတဲ့ ကျောင်းသားရဲဘော် တယောက်ချင်းစီရဲ့ ဆုံးရှုံးမှုက ကြီးမားပါတယ် ဒါပေမဲ့ ဒီရဲဘော်တယောက်ချင်းစီရဲ့ တိုက်ပွဲ၀င်စိတ်ဓာတ်တွေဟာ ကျန်ရှိတဲ့ ကျောင်းသားရဲဘော်တွေ အတွက် ခွန်အားဖြစ်လာပါလိမ့်မယ်၊ ဒါကြောင့်မို့ ဖိနှိပ်ခံပြည်သူလူထုနဲ့ အဖမ်းဆီးခံထားရတဲ့ကျောင်းသားလူငယ် ရဲဘော်များအတွက် အလုပ်ပိုလုပ်ပြီး စစ်အာဏာရှင်ကို တတ်နိုင်သမျှ ကြိုးစားတိုက်ပွဲဝင်သွားပါမယ်”ဟုပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီး၌ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားပေါင်း ၃၀ ဦးကျော်ထိ ရှိနေပြီ ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဗကသ #မန္တလေး