သပိတ်ကျင်းမြို့နယ်တွင် ဖမ်းမိသည့် ရဲဒုတပ်ကြပ် စစ်မေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရ

Author မွန်လေး
Categories
Published on Dec 23, 2022

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဖမ်းမိသည့် ရဲဒုတပ်ကြပ်သည် စစ်မေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရကြောင်း TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရဲဒုတပ်ကြပ်သည် သပိတ်ကျင်းမြို့နယ်၊ တကောင်းနီကယ်စက်ရုံတွင် လုံခြုံရေးတာ၀န်ကျသူတစ်ဦး ဖြစ်ပြီး၊ ယင်းမိသားစုထံပြန်စဉ် သပိတ်ကျင်းမြို့နယ်အပိုင်၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ရပ်ကျေးကာကွယ်ရေးတပ်ဖွဲ့များနှင့် TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဲဒုတပ်ကြပ်သည် ဆန်းမင်းဇော်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီထံတွင် ၄နှစ်ကြာ တာ၀န်ထမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

“စစ်မေးအပြီးမှာ သူက ခုခံထွက်ပြေးဖို့ကြိုးစားခဲ့လို့ ပစ်ခတ်ခဲ့ရမှာ သေဆုံးသွားတယ်” ဟု TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီအပါအ၀င်၊ စစ်ကောင်စီနှင့် ပူးပေါင်းကာ သတင်းပေးလုပ်ကြသူများ အချိန်မီနှုတ်ထွက်ကြရန် ကြေငြာထားလျက် မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေသည့် အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သပိတ်ကျင်းမြို့နယ် #တောဆင်ရိုင်း