ပညာရေးတွင် စစ်ဝါဒဖြန့် ပြဌာန်းသင်ကြားချက်များ လွှမ်းမိုးခဲ့သဖြင့် ဝေဖန်ပိုင်းခြားနိုင်သည့် အလေ့အကျင့်အားနည်းခဲ့ကြောင်း ယာယီသမ္မတဆို

Author လင်းခိုင်
Categories
Published on Dec 23, 2022

 

ပညာရေးတွင် စစ်ဝါဒဖြန့် ပြဌာန်းသင်ကြားချက်များ လွှမ်းမိုးခဲ့သဖြင့် ဝေဖန်ပိုင်းခြားနိုင်သည့် အလေ့အကျင့် အားနည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ ၂၃ ရက်) တွင်ကျင်းပသည့် မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ယာယီသမ္မတက အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ် ဖြစ်ထွန်းခဲ့ကာ စစ်ရေးအသုံးစရိတ် အလွန်များပြားပြီး ပညာရေးအသုံးစရိတ် အဆမတန် နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ပညာရေးကဏ္ဍသည် အချို့တဲ့ဆုံး အခြေအနေရောက်ရှိခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ပညာရေးမှာလည်း စစ်ဝါဒဖြန့်ချီရေး ပြဌာန်းသင်ကြားချက်တွေက လွှမ်းမိုးခဲ့တယ်။ ဒါကြောင့်လည်း ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားတဲ့ အလေ့အကျင့် အားနည်းခဲ့ပါတယ်။ ဒီလို စစ်ကျွန်ပညာရေးနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စစ်အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ပညာရေးကို ကောင်းစွာတည်ဆောက်ခြင်းသည် အနာဂတ်တိုင်းပြည်ကို တည်ဆောက်ခြင်းဖြစ်သည့်အတွက် စစ်အာဏာရှင်စနစ်တော်လှန်ရေးနှင့်အတူ အနာဂတ် နိုင်ငံတော်သစ်အတွက် ပညာရေးအားဖြင့် တည်ဆောက်ခြင်းကို စနစ်တကျလုပ်ဆောင်ရမည်ဟု ယုံကြည်ကြောင်းလည်း ယာယီသမ္မတက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံပြီး ရေးဆွဲထားသည့် ပညာရေးမူဝါဒကို ပြဌာန်းထားကြောင်း၊ ဝေဖန်ပိုင်းခြား စိစစ်မှုကို အခြေခံသည့် ပညာရေးစနစ်အပြင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်သည့် ပညာရေးရပ်၀န်းဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ထားသည်ဟု ယင်းက ဆက်လက် ပြောကြားသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ပညာရေးအပြောင်းအလဲ လိုက်ပါမလာပါက လူ့အဖွဲ့အစည်း၏ အမှုအကျင့်နှင့် အတွေးအခေါ် အပြောင်းအလဲ မလုပ်ဆောင်နိုင်ကြောင်း၊ လူ့အဖွဲ့အစည်း၏ အမှုအကျင့်နှင့် အတွေးအခေါ် ပြောင်းလဲရေးသည် နိုင်ငံသစ် တည်ဆောက်ရေးနှင့် ယှဉ်တွဲဖြစ်တည်ရမည်ဖြစ်ကာ၊ ထိုသို့မဟုတ်ပါက အဆိုးသံသရာထဲ လည်နေမည်ဟု ယာယီသမ္မတက ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ