ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဆယ်ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခိုက်နိုင်

Published on Dec 07, 2022

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးဆယ်ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခိုက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၇ရက်၊ နံနက် ၇ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။

လက်ရှိ မုန်တိုင်းငယ်၏ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောက်အဆင့် သတ်မှတ်ထားသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့၀င်ရောက်နိုင်ခြေမရှိသော်လည်း ယင်းအရှိန်ကြောင့် ယနေ့မှ နောက် ၇၂ နာရီအတွင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်သည်။

ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မြစ်၀ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်၄၀ အထိတိုက်ခိုက်နိုင်ပြီး၊ လှိုင်းအမြင့်သည် အနည်းဆုံး ၅ ပေမှ ၁၁ ပေခန့်အထိရှိနိုင်သည်။

ယင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ယနေ့ နေ့လယ်ပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ် လည်းကောင်း၊ ယနေ့ ညပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် လည်းကောင်း ပိုမိုအားကောင်းလာကာ ဒီဇင်ဘာ ၈ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-ပူဒူချယ်ရီနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် အင်ဒရာပရာဒေ့ရှ်ကမ်းခြေ တောင်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မိုးလေဝသသတင်း