အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်နီနှင့် တွေ့ဆုံခြင်း

Author CJ Platform
Categories
Published on Aug 28, 2022

ပြည်တွင်းရှိ အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်များခွင့်များ၊ ရွေ့ပြောင်းလုပ်သားများ ဘဝလုံခြုံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဘာတွေ ကူညီဆောင်ရွက်ပေးနေပါသလဲ?
ဒီအကြောင်းအရာတွေကို သိရှိဖို့အတွက် CJ Platform Media ရဲ့ သတင်းထောက်ကိုခေတ်နီမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်နီနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
CJ Platform ။ ။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်တွင်း အလုပ်အကိုင်ပျက်ယွင်း သွားမှုများ အကြောင်းသိပါရစေ။
ဦးကျော်နီ ။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့အာဏာသိမ်းတာကို ဆန့်ကျင်တာက ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်တာပေါ့။ အလုပ်အကိုင်က စဆုံးရှုံးတာတော့ နိုင်ငံဝန်ထမ်းတွေ CDMဝန်ထမ်းတွေပေါ့လေ။ နောက်ကျတော့ ဘာဆက်ဖြစ်လည်းဆိုတော့ အုပ်ချုပ်မှုစီမံခန့်ခွဲမှုအမှားတွေကြောင့်ရော ရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာသွားတာတွေကြောင့်ရော နောက်ဘယ်လိုမှကို ဆက်အလုပ်လုပ်လို့မရအောင် ဖိနှိပ်တာတွေကြောင့်ရော အလုပ်အကိုင်က အများကြီးဆုံးရှုံးသွားတယ်ပေါ့။
ILOရဲ့ ထုတ်ပြန်ချက်အရဆို အလုပ်အကိုင် ၁၁သိန်း၊ ၁ဒသမ၁သန်းလောက်ကို နည်းပါးသွားတယ်ပေါ့ အဲ့လိုမျိုးအချက်အလက်တွေကရှိတယ်ပေါ့။
ဒီ၂၀၂၂ခုနှစ်ထဲမှာ နည်းနည်းတိုးတယ်ပြောပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ ဒီအလုပ်သမားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကတော့ အတော်ကြီးကိုနည်းသွားပြီပေါ့။ စုစုပေါင်းစစ်တမ်းတွေအရဆိုရင် ၁၀ရာခိုင်နှုန်းနီးနီးလောက် ဖြစ်လာတာပေါ့ ပထမ ၈ရာခိုင်နှုန်းကနေ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်တိုးလာခဲ့တော့ အလုပ်သမားတွေရဲ့ အလုပ်အကိုင်ဆုံးရူံးမှုက ၁၀ရာခိုင်နှုန်းထိဖြစ်တာပေါ့။ ဒါကတော့ ကိန်းဂဏန်း အချက်အလက်တွေအရ ပြောတာပေါ့။ မြေပြင်မှာကိုကလဲ တစ်ချို့ကစက်ရုံတွေပိတ်တယ် တစ်ချို့မှာလဲ စစ်ကောင်စီက အလုပ်သမားတွေကို PDGနဲ့ဆက်နွယ်တယ် NUG CRPH နဲ့NUCCတို့နဲ့ ဆက်နွယ်တယ်ဆိုပြီး ဖိနှိပ်တာတွေကြောင့် အလုပ်သမားတွေ အလုပ်မလုပ်နိုင်ပဲ ထွက်ပြေးတိမ်းရှောင်ရတာတွေကြောင့် အလုပ်အကိုင်ဆုံးရှုံးတာတွေလဲ ရှိပါတယ်။
CJ Platform ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာသွားတာကရော ဘာကြောင့်လို့ထင်ပါသလဲ။
ဦးကျော်နီ ။ ။ ရင်းနှီးမြုပ်နှံမှုတွေထွက်ခွာတဲ့နေရာမှကြတော့ ၂မျိုးပေါ့လေ တစ်ခုကကြတော့ သူတိုအကျိုးစီးပွားအရဆက်ပြီး အလုပ်လုပ်လို့မရတော့တဲ့ အခြေအနေအထားပေါ့။ ဥပမာ-ဆိုပါတော့လေ တစ်ချို့ရေနံကုမ္မဏီတွေဆိုလိုရှိရင် သူတို့ရဲ့ထုတ်လုပ်တဲ့ သက်တမ်းပြည့်တော့မှာတို့ ရေနံသိုက်ကုန်တာတို့ ဒီလိုတွေကြောင့် ထွက်ခွာတာတွေရှိတယ်။ နောက်တခုကကြတော့ နိုင်ငံရေးဖိအားတွေကြောင့်ပေါ့ တစ်ချို့တွေကြတော့ သူတို့အကျိုးစီးပွားအရ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံရတာ ဘယ်လိုမှမလုံခြုံတော့လို့ ထွက်ခွာသွားတာရှိတယ်။ ဒါသူတို့အကျိုးစီးပွားပေါ်မူတည်ပြီးထွက်ခွာသွားတာပေါ့။
တစ်ချို့ကြတော့လည်း နိုင်ငံရေးဖိအားကြောင့်ရော နိုင်ငံရေးယုံကြည်ချက်အရရော မြန်မာပြည်မှာတော့ စစ်ကောင်စီနဲ့ ဘယ်လိုမှလက်တွဲပြီး အလုပ်လုပ်လို့ မဖြစ်နိုင်ဘူး စစ်ကောင်စီကို ဝင်ငွေထောက်ပံ့မှုတွေ မပေးတော့ဘူးဆိုပြီး ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေ ထွက်ခွာသွားတာပေါ့။ အဓိက ကတော့ဒီနှစ်ခုပေါ့။ ကိုယ်ပိုင်အကျိုးစီးပွားအ ရထွက်ခွာတာရှိမယ် နောက်နိုင်ငံရေးကြောင့်ထွက်ခွာသွားတာရှိတယ်ပေါ့လေ။
CJ Platform ။ ။ စက်ရုံအလုပ်ရုံများမှာအလုပ် သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဘယ်မျိုးရှိနေပါသလဲ။
ဦးကျော်နီ ။ ။ ကျွန်တော်ကတော့ ဒါနဲ့ပတ်သတ်ပြီး အမြဲတမ်းပြောတာကတော့ ဒီမြန်မာပြည်ရဲ့ အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးအခြေအနေဟာ ၂၀၁၂မတိုင်ခင်လောက်က အခြေအနေကိုပြန်ရောက်သွားတယ်။ ဘာလို့ဆို ၂၀၁၂နောက်ပိုင်းမှာ တကယ် အလုပ်သမားအခွင့်အရေးဥပဒေဆိုတာ အလုပ်သမားအဖွဲ့ ဖွဲ့စည်းရေးနဲ့ အငြင်းပွားမှု ဥပဒေတစ်ခုပဲ ထွက်လာတယ်။ ကျန်တဲ့ဥပဒေတွေက နဂိုတည်းကရှိပြီးသား။
အဲ့တော့ ၂၀၁၂မတိုင်ခင်တုန်းကရော အလုပ်သမားတွေရဲ့ အခွင့်အရေးတွေက ဥပဒေအရမရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေ အုပ်ချုပ်နေတာဖြစ်တဲ့အတွက် ဥပဒေတွေရှိပေမယ့် မပေးဘူးပေါ့နော်။ ဥပဒေမှာရှိတဲ့ အချိန်ပိုမခိုင်းရ အချိန်ပိုခိုင်းရင် နှစ်ဆပေးရမယ် ဒါတွေကပေါ့နော်ရှိတယ်၊ ဒါပေမယ့်မပေးကြဘူး။ ဥပဒေကို ပေါ်တင်ပဲချိုးဖောက်ထားတယ်။
အဲ့လိုအခြေအနေမျိုးက ၂၀၂၁အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်ရောက်လာတယ်။ အလုပ်သမားတွေကို ဥပဒေမှာ ဘယ်လိုကြီးပဲ ကာကွယ်ပေးထားပါစေ အလုပ်သမားတွေကို ပိုပြီးတော့ဖိနှိပ်လာတယ်။ ဖိနှိပ်လာတဲ့အပိုင်းမှာက မျိုးစုံပေါ့နော် စီးပွားရေးသမားတွေက တရားဥပဒေအားနည်းသွားတာကို သူတို့က အခွင့်ကောင်းအနေနဲ့ယူဆပြီးတော့ အလုပ်သမားတွေအပေါ်ကို ပိုပြီးဖိနှိပ်လာတာရှိတယ်။ စီးပွားရေးအကျိုးအမြတ်အတွက် ဖိနှိပ်တာတွေရှိတယ်၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖိနှိပ်တာတွေရှိတယ်။
အခုNon CDMတွေရှိတယ် နောက်ဒီစီးပွားရေးလုပ်ငန်းရှင်ထဲမှာလဲ ကိုယ့်အကျိုးစီးပွားကိုပဲကြည့်ပြီး စစ်ကောင်စီနဲ့ ပေါင်းနေတဲ့သူတွေရှိတယ်။ ဒီလူတွေကတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးကို ပျက်စီးဖို့အတွက် နည်းမျိုးစုံနဲ့ဖိနှိပ်နေမှာပဲ။
အဲ့တော့ အလုပ်ရုံထဲမှာရှိနေတဲ့ အလုပ်သမားတွေကို NUG NUCC CRPH နဲ့ဆက်နွယ်တယ်ယူဆပြီး သတင်းပေး ဖမ်းခိုင်းပြီး ဖိနှိပ်တာတွေရှိတယ်ပေါ့။ ဒါမျိုးတွေကတော့ရှိတယ် အဲ့တော့နိုင်ငံရေးအရ ဖိနှိပ်မှုရှိတယ် စီးပွားရေးအရဖိနှိပ်မှုရှိတယ်ပေါ့လေ ဘယ်လိုပဲဖိနှိပ်ဖိနှပ် အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုက ဥပဒေပါ ကာကွယ်ပေးမှုတွေတင်မဟုတ်ပဲ အလုပ်သမားတွေရဲ့အခြေခံရပိုင်ခွင့်တွေပါ ချိုးဖောက်ခံရတာတွေရှိတယ်ပေါ့။
အခုဆိုလို့ရှိရင် အားလုံးလဲသိကြမှာပေါ့ ၅/တို ၈/တို တော်လှန်ရေးအမာခံဒေသမှာရှိတဲ့ မှတ်ပုံတင် နံပါတ်ကိုင်ဆောင်ထားတဲ့သူတွေကို ဖိနှိပ်တာတွေက စက်ရုံအလုပ်ရုံတွေရော ရပ်ကွက်တွေမှာပါဖိနှိပ်လာတော့ အလုပ်သမားတွေဟာ အလုပ်ခွင်မှာတင်မဟုတ်ပဲနဲ့လူမှုအသိုင်းအဝိုင်းကြားထဲမှာပါ ဖိနှိပ်ခံရမှုတွေ ခွဲခြားဆက်ဆံခံရမှုတွေ ရင်ဆိုင်နေရတယ်ပေါ့ ဒါကတော့အရှိတရားပါပဲ။
CJ Platform ။ ။ အခုလိုဖြစ်စဉ်တွေအပေါ်မှာ NUG အနေဖြင့်ရော ဘယ်မျိုး ကူညီဆောင်ရွက်ပေးနေပါသလဲ။
ဦးကျော်နီ ။ ။ ကျွန်တော်တို့ NUGကလုပ်ထားတဲ့ တိုင်ကြားယန္တားပေါ့လေ၊ လူထုဆီကိုတော့ ချပြပေးထားနိုင်ပြီ။ ဒါကတော့ အလုပ်သမားတွေ တရားဝင်တိုင်ကြားနိုင်အောင် စီစဥ်ပေးထားတယ် နောက် အလုပ်သမားအခွင့်အရေးလှုပ်ရှားနေသူတွေ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကနေတဆင့် တိုင်ကြားနိုင်တယ်ပေါ့နော်။ ဒီတိုင်ကြားမှုကို လက်တလောလည်း သူတို့နစ်နာမှုတွေ လျော့ပါးအောင်ဖြေရှင်းပေးနေတယ်။
နောက်ရေရှည်အတွက်ကတော့ ဥပဒေချိုးဖောက်တဲ့ အလုပ်ရှင်တွေကို အရေးယူရေးအတွက်ကိုလဲ ကျွန်တော်တို့တွေ စီစဥ်ဆောင်ရွက်နေတယ် recordတွေ ယူထားတယ်ပေါ့။ ဒါ့အပြင်အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လည်း နိုင်ငံတကာကနေပြီး အရေးယူဖို့ ကိစ္စတွေကအစ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်။ ပြည်တွင်း အလုပ်သမားတွေအတွက်ကတော့ ဒီနစ်နာမှုတွေကို ကူညီဖြေရှင်းပေးရတဲ့နေရာမှာ NUGတစ်ခုတည်းနဲ့ပဲမဟုတ်ပဲနဲ့ ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ နိုင်ငံတကာက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ဝိုင်းပြီးတော့ ကူညီဆောင်ရွက်ပေးနေတယ်ပေါ့လေ။
CJ Platform ။ ။ အခုလက်ရှိပေါ့ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအနေနဲ့ ဥပဒေရဲ့ အကာကွယ်ကို ရရှိနေတယ်လို့ ယူဆပါသလား။
ဦးကျော်နီ ။ ။ ယူဆတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဥပဒေအတိုင်း ရဖို့ကတော့ သူတို့အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင်တော့ ဆက်ပြီးတော့ပေးထားမှာ။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့တွေရဲ့ အကျိုးစီးပွားထိခိုက်နိုင်တယ်ဆိုရင် ဥပဒေမှာဘယ်လိုပဲ လုပ်ထားလုပ်ထားပေး ရမှာမဟုတ်ဘူး။ အခြားကိုမကြည့်‌နဲ့လေ အခုဆိုရင် ခွင့်ရက်တို့ အလုပ်ပိတ်ရက်တို့ မပေးတာတို့က ဒီလိုကိစ္စမျိုးတွေဆိုရင် ကျွန် တော်တို့တွေ ကြားနေတာပဲ။ ကြားနေလဲ ဘာဖြစ် လာလဲဆိုရင် ဟိုတုန်းကလိုပဲပေါ့ ဒီအလုပ်အလုပ်ကိုင်ရှားပါးမှုနဲ့ ခေတ်ပျက်ကြီးထဲမှာ ရှာဖွေစားသောက် ရမလွယ်တော့ဘူး။ ဒီတိုင်းကြိတ်မှိတ်ပြီးခံနေရတဲ့ အနေထားမျိုးပေါ့။ ဖျားလို့ဆေးခန်းသွားရင်တောင်မှ ခွင့်မပေးတာမျိုးတွေ ဒါမျိုးတွေဆိုရင် ဥပဒေကိုချိုးဖောက်တာပေါ့နော်။
စောနက ကျွန်တော်ပြောတဲ့အချိန်ပိုပေါ့။ အခုဆိုလို့ရင် အရင်တုန်းက ၂၀၁၂ -၂၀၁၃ နောက်ပိုင်းမှာမရှိတော့ဘူး။ ၁၂မတိုင်ခင်တုန်းကရှိတယ် ‌all night တို့all in တို့ပြန်ခေါ်နေတာပေါ့။ ၁၂နာရီထိမဟုတ်ရင် မနက်၄နာရီ ၅နာရီထိ ဒီလိုမျိုးတွေ ခိုင်းနေတာတွေရှိတယ်။
ဒါတွေအားလုံးက ဥပဒေချိုးဖောက်နေတာပေါ့။ အလုပ်သမားအဖွဲ့ ဖွဲ့စည်းတာတွေ အလုပ်သမားဆန္ဒပြရင် အကြမ်းနည်းနဲ့ ဖိအားပေးတာတွေ ဒါမျိုးတွေလုပ်လာတာတွေက ဥပဒေချိုးဖောက်တာတွေပေါ့။ အဲ့တော့ ဒီမှာရှိနေတဲ့ ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမားတွေက ဥပဒေအတိုင်း အခွင့်ရေးတွေရရှိနေတယ်လို့ ဘယ်လိုမှကိုပြောမရဘူး။
CJ Platform ။ ။ အခုလက်ရှိလူငယ်တွေ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်မှုများလာတဲ့အပေါ်မှာ သုံးသပ်ပေးပါဦး။
ဦးကျော်နီ ။ ။ ဒါကလေ ကျွန်တော်တို့တိုင်းပြည်က အလုပ်သမားတိုင်းပြည်ဖြစ်နေတာပေါ့။ နဂိုထဲကိုက ပြည်ပကိုထွက်လုပ်နေတဲ့ အလုပ်သမားတွေက အရမ်းများတယ်။
ဒါပေမယ့်၂၀၂၀မှာ ကိုဗစ်ဖြစ်တော့ နိုင်ငံတကာမှာလုပ်နေတယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေပေါ့ ‌ထိုင်း၊မလေး၊ စင်ကာပူ၊ တရုတ်၊လာအိုတို့ပါ ပါတယ်ပေါ့၊ ၊အဲ့ပတ်ဝန်းကျင်နိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့နိုင်ငံသားတွေ တော်တော်များများပြန်လာကြတယ်။
ကိုဗစ်ကြောင့် စက်ရုံအလုပ်ရုံတွေပိတ် နှင်ထုတ်တော့ပြန်လာကြတယ်ပေါ့။ ဒီကာလပြီးသွားရင် ပြန်ထွက် ဖို့ပြင်ဆင်ထားတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ဒီကပ်ဘေးပြီးသွားတော့ အာဏာသိမ်းတာက ထပ်ဖစ်လာတော့ လူထုကတစ်ခါ ကပ်ဘေးကြောင့် ပြည်တွင်းကိုပြန်လာတော့လဲ အလုပ်ကရှားပါးပြီး ၂နှစ်လောက်ကိုပဲ တိုင်ပတ်ကြတာပေါ့ ပြည်ပမှာထွက်လုပ်မယ့်သူတွေ ဒုက္ခရောက်ကြတယ်။
စစ်အာဏာသိမ်းတာကို ပြည်သူတွေက တော်လှန်တဲ့ နွေဦးတော်လှန်ရေးကြတော့လဲတစ်ခါ။ ဒီကာလမှာ ပြည့်တွင်းမှာ အလုပ်ကိုင်ရှားပါးတော့ မိသားစုစားဝတ်နေရေးအတွက်လဲ လိုအပ်တယ် တော်လှန်ရေးအတွက်လည်း ထောက်ပံ့မှုတွေက လိုအပ်တယ်။
တစ်ချို့တွေဆို ကိုယ်ကိုတိုင် တော်လှန်ရေးထဲဝင် တော့လဲ မိသားစုစားဝတ်နေရေးခက်ခဲတာတွေ မိသားစု‌က စစ်ပြေးနေရတာတွေ ရွာတွေမီးရှို့တာတွေရော ကိုယ်ကိုယ်တိုင်ရော တဖြေးဖြေးနဲ့ခက်ခဲလာပြီး ကိုယ်ကိုယ်တိုင် တော်လှန်ရေးထဲ တိုက်နေရတယ့်ဟာက မပြည့်မစုံနဲ့ဆိုတော့ ဒီလိုလူငယ်တွေ ပြည်ပကိုလည်း ထွက်အလုပ်လုပ်ကြတာတွေ ဖြစ်လာရတယ်။
ပြီးတော့ ကိုယ့်ရဲ့မိသားစုအတွက် ရိုးရိုးသားသား လုပ်နေကြတာတွေလည်းရှိတယ်။ တစ်ချို့တွေကြတော့လည်း မြို့ပေါ်မှာရှိတဲ့ လူငယ်တွေ။ နွေဦးတော်လှန်ရေးမှာလည်း နည်းမျိုးစုံနဲ့ ပါဝင်ခဲ့ကြတာပဲ။ ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါမှာ ဆက်ပြီးတော့ သူတို့တွေရဲ့ မိသားစုရပ်တည်ရေးအတွက် စားဝတ်နေရေးအတွက် ပြည်ပမှာအလုပ်လုပ်ကိုင်ရမယ့်အခြေအနေတွေ ကြုံလာကြတာပေါ့။
ငြင်းလို့မရဘူး အခုလက်ရှိတော်လှန်ရေးကလဲ ပြည်သူလူထုရဲ့ အလှူငွေနဲ့ အကူညီရှေ့ဆက်နေတာ၊ ဘယ်သူတွေက လှူနေလဲဆိုတော့ သူဌေးကြီးတွေက လှူနေတာမဟုတ်ဘူး။ အဲ့လိုမျိုး ပြည်ပမှာအလုပ်လုပ်နေတဲ့ သူတွေဆီကရတဲ့ အကူညီနဲ့ပဲ ဆက်နေရတာ။ ကျွန်တော်တို့ မြင်တာကတော့ အခုလူငယ်တွေ ပြည်ပနိုင်ငံကို ထွက်တယ်ဆိုတာကတော့ သူတို့မှာပေါ့နော် ထွက်ရမယ့်အခြေနေကြုံနေရတာလို့ ကျွန်တော်မြင်တယ်။
မိမိတို့ရဲ့ စီးပွားရေအခြေနေ လူမှုဘဝအခြေနေ မထွက်လို့မရတဲ့အခြေနေကြောင့် ထွက်ကြတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
CJ Platform ။ ။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲ အခြေနေပေါ်မှာ NUGအနေနဲ့ ဘယ်လိုမျိုး ကူညီတာရှိလဲ။
ဦးကျော်နီ ။ ။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်က ကျွန်တော်တို့ စပြီးအစိုးရဖွဲ့ထဲကိုက ကူညီမှုတွေကတော့ ပေးနေပါတယ်။ဒါပေမယ့် အခက်အခဲက ပြသာနာကဘာလဲဆိုတော့ လတ်တလော ကျွန်တော်တို့ NUGကို ပတ်ဝန်းကျင်နိုင်ငံတွေက သံတမန်ရေးအရ ထောက်ခံမှုပေးတဲ့ အပိုင်းမှာ နည်းနည်းလေးလိုနေသေး‌တယ်ပေါ့။ ဒီပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ကျွန်တော်တို့တွေ ဆောင်ရွက်ရတဲ့အပိုင်းမှာ အခက်အခဲလေးတွေရှိတယ်။ ကူညီပံ့ပိုးမှုဆိုတာကလည်း တော်လှန်ရေးလိုအပ်ချက်ကိုပဲ ဒီလက်နက်ကိုင်လမ်းစဥ်က သွားနေတာအတွက်ကြောင့် တစ်ခြားသော ဟာတေမှာတော့ အားတော့နည်းတာပေါ့။ ငွေကြေးနဲ့ ကူညီမှုအပိုင်းမှာပေါ့လေ ။
ဒါပေမယ့်လည်း တက်နိုင်သလောက် ဒုက္ခရောက်ရင် ဖမ်းခံရရင် လိုက်ပြီးတော့ ကျွန်တော်တို့ ကူညီနေတာ ဒါမျိုးတွေတော့ရှိတယ်။ ခုလောလောဆယ်လည်း နိုင်ငံတကာရောက်နေတဲ့ အလုပ်သမားတွေအတွက်ကို ဆာဗေးကောက်ပြီးတော့ သူတို့အတွက် ရေတိုရေရှည်အစီစဉ်တွေ ရေးဆွဲဖို့ သူတို့အတွက် လိုအပ်တဲ့အထောက်အထားကတ်တွေ ထုတ်ပေးဖို့ ဒါတွေကိုလည်း ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။
CJ Platform ။ ။ ဖြည့်စွက်ပြောကြားစရာများရှိရင် ပြောကြားပေးပါဦး။
ဦးကျော်နီ ။ ။ ကျွန်တော့်အနေနဲ့ကတော့ ဒီအလုပ်သမားတွေကို မေတ္တာလေးရပ်ခံချင်တယ် မှာလဲမှာချင်ပါတယ်။ မေတ္တာရပ်ခံတယ်ဆိုတာကတော့ ကျွန်တော်တို့က NUGမှာ အလုပ်သမားဝန်ကြီးဌာနဆိုပြီးတော့ ဖွဲ့ထားပေမယ့်လည်း ပြသာနာက ကျွန်တော်တို့ တကယ့် တကယ် ဒိဂျူရီအာဏာ ဂျူရီအာဏာ ဖတ်ထရိအာဏာက မရသေးတဲ့ အခါကျတော့ ကျွန်တော်တို့မှာ အလုပ်သမားတွေကို ကူညီစောင့်ရှောက်ဖို့ပေးတဲ့ အပိုင်းတော့ လိုအပ်ချက်လေးတွေ ရှိနေတာအမှန်ပါပဲ ဒါကိုလည်း နား‌လည်ပေးစေချင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ တတ်စွမ်းသမျှကို ကျွန် တော်တို့အနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ရေတိုအတွက်ရော ရေရှည်အတွက်ရော အလုပ်သမားတွေ အခုတလောမှာကြားမှာပေါ့ ထိုင်းမှာလည်း အလုပ်သမားတွေ ဖမ်းခံရတဲ့ ကိစ္စတွေ တရားမဝင် ပေါ့။ ကိုရီးယား မလေးရှား ဒီလိုမျိုး ကိစ္စမျိုးတွေမှာ ကျွန်တော်တို့ NUGအနေနဲ့ ကူညီကယ်တင်ပေးတာတွေ ဖြေရှင်းပေးတာတွေ အများကြီးရှိတယ်ပေါ့။
သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့လည်း ရသလောက် တော့ ညှိနှိုင်းဆွေးနွေးပြီး ကျွန်တော်တို့ အလုပ်သမားတွေအတွက်ကို ကျွန်တော်တို့ ကြိုးစားပေးနေပါတယ်။ ကျွန်တော်တို့ ဒီကာလမှာ အခုလိုမျိုး ကျွန်တော်တို့ အလုပ်သမားတွေကို ရ‌သလောက် ကူညီကာကွယ်ပေးနေတယ်။
အလုပ်သမားတွေအနေနဲ့ ဒီတော်လှန်ရေး အောင်မြင်ရေး အတွက်ကို ဝိုင်းဝန်းကူညီပေးကြပါ ဝိုင်းဝန်းထောက်ပို့ပေးကြပါ။ ဒီCDM တွေ PDFတွေကို ထောက်ပံ့ပေးနိုင်မှသာ ဒီတော်လှန်ရေးကြီးကအောင်မြင်မှာ ကျွန်တော်တို့ NUG အနေနဲ့ ဒီတော်လှန်ရေးကြီးကို အားစိုက်သလိုမျိုး အလုပ်သမားတွေအနေနဲ့ တော်လှန်ရေးကို အထူးအားစိုက်ပြီးတော့ ကူညီပေးကြပါလို့ပဲ ကျွန်တော့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
CJ Platform ။ ။ ကျေးဇူးတင်ပါတယ်ဆရာ။