နေ့စားလုပ်သားစျေးကွက်နှင့် ကျွန်သဖွယ် ခိုင်းစေခံနေရသည့် မြန်မာလုပ်သားများ

Author ခေတ်နီ
Categories
Published on Dec 03, 2022

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ စက်ရုံများ အလုပ်ရုံများတွင် လခစား ကျွမ်းကျင် လုပ်သားများအစား နေ့စားအလုပ်သမားများကို အများအပြားခေါ်ယူလုပ်ကိုင်ကာ လုပ်ငန်း လည်ပတ်လျက်ရှိနေပြီး ယခုလို အခြေအနေများသည် လုပ်သားစျေးကွက် ပုံစံတစ်ခုကဲ့သို့ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများမှ ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စီးပွားရေးမတည်ငြိမ်ဖြစ်မှုများကြောင့် နိုင်ငံတွင်း ရင်းနှီးမြှပ်နှံသူများသည် ၎င်းတို့၏ စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် လခစားကျွမ်းကျင်လုပ်သားများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ထုတ်ပယ်မှုများရှိနေပြီး ၎င်းတို့နေရာတွင် မည်သည့် အာမခံချက်မှမပေးရသည့် နေ့စားအလုပ်သမားများကို အသုံးပြု လုပ်ကိုင်နေကြတာပဲ ဖြစ်သည်။

ထိုသို့ အလုပ်ရှင်များမှ ယခုလိုလုပ်ဆောင်လာနေမှုများကြောင့် ကျွမ်းကျင်လုပ်သားအများစုသည် အလုပ်လက်မဲ့ အခြေအနေကို ရောက်ရှိလာနေပြီး နေ့စားအလုပ်သမားများ အလွန်အကျွံ့အသုံးပြုမှုများကြောင့် လုပ်သားစျေးကွက် တစ်ခုကဲ့သို့ ဖြစ်ပေါ်လာနေတာပဲ ဖြစ်သည်။

“တကယ်တော့ အခု နေ့စားသမား အတော်များများက အရင်က ကျွမ်းကျင်လုပ်သားတွေပဲ သူတို့စက်ရုံတွေက ပိတ်တာနဲ့ ထုတ်ခံရတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်တာကနေ စားဝတ်နေရေးအတွက် စက်ရုံတွေမှာ ပြန်လျှောက်တော့ ဘယ်လောက်ပဲ ကျွမ်းကျင်နေပစေ နေ့စားပဲခေါ်ခန့်တယ် စက်ရုံဘက်က ဘာအာမခံချက်မှ မပေးရဘူးလေ “ဟု အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုသည်။

ထိုသို့ နေ့စားအလုပ်သမားများကို ခေါ်ယူအသုံးပြုနေခြင်းသည် အလုပ်ရှင်များမှ လခစား ကျွမ်းကျင်လုပ်သားများ ကဲ့သို့ အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် အထွေထွေအာမခံချက်များအား ပေးစရာမလိုပဲ လုပ်အားခ အနည်းငယ်သာပေးရပြီး ကုန်ကျစရိတ် သက်သာမှုများကြောင့် ခေါ်ယူ အသုံးပြုခြင်းဖြစ်ကြောင်းလဲ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတစ်ဦးမှ ရှင်းပြသည်။

“အဓိက နေ့စားအလုပ်သမားတွေကို ခေါ်တာက သူတို့ ရည်ရွယ်ချက် အမျိုးမျိူးရှိနိုင်တယ် အဓိကကတော့ အလုပ်အကိုင် ရှားပါးလာတဲ့အခါမှာ လုပ်အားခနည်းနည်းနဲ့ နေ့စားတွေခေါ်တယ် သူတို့ရတဲ့ ငွေကြေးနဲ့ လစာမမျှတတဲ့ အလုပ်ကိုလုပ်ရတယ် အခုနောက်ပိုင်းစက်ရုံတွေမှာ လခစားတွေကို တနေ့ ဒီလောက်ပြီးအောင်လုပ်ရမယ် မလုပ်နိုင်ရင်ထွက် နေ့စားခေါ်လို့ရတယ်၊ အဲ့လိုပြောတာတွေ ရှိလာတယ် နေ့စားတွေကိုကျ လခစားတွေလို ဘာမှ အာမခံချက် ပေးစရာမလိုဘူးလေ”ဟု ပြောသည်။

ထိုကဲ့သို့ နေ့စား ဝင်ရောက်လုပ်ကိုင်နေသူများကို စက်ရုံများမှ သုံးလ သို့မဟုတ် ငါးလ ခန့်အစမ်းခန့်ကာလ သတ်မှတ်ပြီး လခစားဝန်ထမ်းအဖြစ် ခန့်အပ်မည်ဟု နှုတ်ကတိများပေးခဲ့သော်လည်း အမှန်တကယ်တွင်မူ အစမ်းခန့်ကာလ ပြည့်ခါနီးအချိန်မှာတင် အကြောင်းအမျိုးမျိုးပြကာ အလုပ်မှ ရပ်နားခံနေရ​မှုများလည်း ရှိနေသည်။

“ကျနော်က အရင်က ဆောက်လုပ်ရေးဆိုက်မှာ လုပ်တာ အဲ့အလုပ်က ပြီးသွားတော့ အလုပ်မရှိတော့လို့ အထည်ချုပ်မှာ ပုံးပိတ်ဘာညာမှာ လူလိုတယ်ဆိုလို့ သွားလျှောက်တယ် နေ့စားပဲရမယ်ဆိုလို့ ရရာပေါ့ နှစ်လ သုံးလလောက်နေရင် လခစားဖြစ်မယ် ပြောတာပေါ့ လုပ်တာ တစ်လလောက်ပဲ ရှိသေးတာ အလုပ်ကအနားခံရတယ် ကျနော်အပါဆို ဆယ်ယောက်နီးပါးပေါ့” အရှေ့ဒဂုံ စက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံတစ်ခုမှာ နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သည့် ကိုထွန်း (အမည်လွှဲ)မှ ပြောသည်။

ထို့အပြင် နေ့စား အလုပ်သမားများသည် လခစား ကျွမ်းကျင်လုပ်သားများနည်းတူ အလုပ်ခွင်အတွင်း ဝင်ရောက် လုပ်ကိုင်နေစဥ်အတွင်း တနင်္ဂနွေပိတ်ရက်နှင့် အများပြည်သူ ရုံးပိတ်ရက်များ အတွက်လည်း လခ အကျိုးခံစားခွင့် ရှိရမည်ဖြစ်ပြီး၊ လုပ်ငန်းခွင်ထိခိုက်မှု ရှိလာပါကလည်း လခစား ဝန်ထမ်းများနည်းတူ ဆေးကုသမှုကို အလုပ်ရှင်ကပေးရမည်ဖြစ်ကာ အလုပ်ခွင်အတွင်းမှာ အလုပ်ရှင်များမှ အလုပ်သမားများအပေါ် အခွင့်အရေး ချိုးဖောက်မှုနှင့် ဖိနှိပ်ခြင်းများ မပြုလုပ်နိုင်ရန် အကာအကွယ်ပေးနိုင်သည့် ဥပဒေများကို အစိုးရမှ ပြဌာန်းထားပေမယ့် လက်တွေ့မှာတော့ အလုပ်ရှင်များဖက်မှ လိုက်နာမှု မရှိမှုများလည်း ရှိနေသည်။

“အခုနောက်ပိုင်း အလုပ်သမားတွေက နေ့စားဆိုတော့ အိုတီကြေးမပေးပဲ ဆင်းခိုင်းလဲ ငြင်းဆိုခွင့်မရှိဘူး အများပြည်သူ ရုံးပိတ်ရက်တွေလဲ ဆင်းနေရတယ် လုပ်ခ လစာကြတော့ ၄၈၀၀ပဲရတယ် အခြား အကျိုးခံစားခွင့် မရဘူး အာဏာမသိမ်းခင်ကတော့ အလုပ်ခွင်အတွင်းမှာ အလုပ်ရှင်ဘက်က စူပါ ဒါမှမဟုတ် မန်နေဂျာ တယောက်ယောက်က အလုပ်သမားကိုဆဲရင် အဲ့ဆဲတဲ့စက်ရုံမှာ သမဂ္ဂရှိရင် ဆဲတဲ့သူကို HRရုံးခန်းမှာ အစည်းအဝေးထိုင်ပြီး ဝမ်တိန်ထိုးခိုင်းတာနဲ့ တောင်းပန်ခိုင်းတာလုပ်တယ် သမဂ္ဂမရှိရင်လဲ အလုပ်သမားရုံးတွေကနေ အလုပ်ရှင်ကို သတိပေးတာမျိုးလုပ်တယ် အာဏာသိမ်းပြီးနောက်ပိုင်း မိုးလင်းတည်းက ဆဲနေလဲ ပြောပိုင်ခွင့်မရှိတော့ဘူး ဆဲတာမှ မိုးလင်းတည်းက အလုပ်သမားတွေကခံနေရတာ ပြန်ပြောရင် အပြစ်ရှာပြီး အလုပ်ထုတ်တယ် သက်ဆိုင်ရာဝန်ကြီးဌာနကိုတိုင်လဲ မထူးခြားဘူး ခေါပြီး ဖြေရှင်းမပေးတဲ့အပြင် မလုပ်နိုင်ရင်ထွက်ဆိုတာကြီးပဲ”ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWMမှတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထို့သို့ အလုပ်သမားများအနေဖြင့် စက်ရုံတွင်း ဖိနှိပ်ခံနေရသည့်အပြင် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါကလည်း ဆေးကုသခွင့်လုံ လောက်စွာမရရှိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရူံးမှုနှင့် အသက်အန္တရာယ် ဆုံးရူံးမှုများရှိနေပြီး ယခုလို အခြေအနေများအပေါ်မှာ အလုပ်ရှင်များဘက်မှ တာဝန်ယူမှု တစုံတရာမရှိမှုများလဲ ရှိနေသည်။

“အခုနောက်ပိုင်း လုပ်ငန်းခွင်ထဲ ထိခိုက်မှုတွေများလာတယ် စနက်ရိုက်မိလို့ လက်တစစ်ဖြတ်ရတာတောင် အလုပ်ကိုမနားခိုင်ဘူး ဆက်လုပ်ခိုင်းတယ် ဆေးကုသပေးဖို့ဆိုတာဝေးရောနောက်ပြီး စက်ချုပ်နေရင်း အပ်ကကျိုးပြီး မျက်လုံးမှန်သွားတာ ဆေးသေချာမကုရတော့ ၅လလောက်ကြာတော့ အလုပ်သမား ကောင်မလေးက မျက်လုံးသိပ်မမြင်ရတော့ဘူး ပိတ်ဖြတ်တဲ့ ကတင်ဌာနမှာဆိုရင် အမြဲလိုလို ဓားထိလို့ လက်ပြတ်တဲ့ အသံပဲကြားနေရတယ် သတင်းကျတော့လဲ သူတို့က အလုပ်ပြုတ်မှာဆိုးလို့ အသံမထွတ်ရဲကြဘူး ဖြစ်နေရတယ် လျှော်ကြေးတွေ ဘာတွေလဲမရဘူး ဆေးတောင် ကုမပေးတာ”ဟု FGWMမှ တာဝန်ရှိသူတစ်ဦးမှ ဆက်ပြောသည်။

နေ့စားလုပ်သားဖြစ်စေ လခစားလုပ်သားဖြစ်စေ စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လုပ်သားအခွင့်အရေး ဥပဒေများ ကာကွယ်စောင့်ရှောက်မှုအား မရရှိကြတော့ဘဲ မြင့်တက်လာသည့် ကုန်စျေးနှုန်းများအကြား လျှော့နည်းလာသည့် အလုပ်အကိုင်အခွင့်အလမ်းများကြားတွင် အလုပ်ရှင်များ ဝယ်ယူထားသည့် လုပ်သားကျွန်များသကဲ့သို့ လုပ်ဆောင် နေထိုင်ခဲ့ကြရသည်။

စက်ရုံများတွင် အလုပ်ဆင်းနေသည့် လုပ်သားအများစုသည် ၈ပေသာသာ အခန်းငယ်များကို လစဉ်  ၄သောင်းကျပ်မှ ၆သောင်းကျပ်အထိ ပေးဆောင်ကာ နေထိုင်ရင်း မိသားစု စားဝတ်နေရေးများအား ဖြေရှင်းနေရသူများဖြစ်သည်။ မြင့်တက်နေသည့် ကုန်စျေးနှုန်းများအရ နေ့စဉ်လုပ်အားခ ၄၈၀၀ကျပ်အား လက်လွတ်ခံရန် မလွယ်ကူသဖြင့် ကျွန်သဖွယ် ခိုင်းစေမှုအား တွန်းလှန်နိုင်ခြင်း မရှိပေ။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းရှိ အလုပ်သမား ၁ ဒသမ ၁သန်းခန့်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံ လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် တနေ့တခြား ပိုမိုဆိုးရွား လာနေလျက်ရှိသည်။