စိုက်ဆင်းလေပြင်းကြောင့် ကွမ်းခြံကုန်းမြို့နယ်၌ ငါးဖမ်းလှေဆယ်စင်းကျော်နှင့် မော်တော်တစ်စင်း ပျက်စီးသွား

Author မေ
Categories
Published on Dec 01, 2022

ယမန်နေ့ညပိုင်းက ရုတ်တရတ် တိုက်ခတ်သော စိုက်ဆင်းလေပြင်းကြောင့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးဖမ်းလှေဆယ်စင်းကျော်နှင့် မော်တော်တစ်စင်းတို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၃၀ရက် ညပိုင်းက ရုတ်တရတ်ဖြစ်ပေါ်လာသော တိမ်ထုကြီးကြောင့် ပြင်းထန်သော စိုက်ဆင်းလေပြင်းတိုက်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ သောင်ပုန်ကျေးရွာရှိ မြစ်ကမ်း၌ ရပ်တန့်ထားသော ငါးဖမ်းလှေ ဆယ်စင်းကျော်နှင့် ကျောက်တန်းသို့ ပြေးဆွဲသော စပါးတင်သည့် မော်တော်တစ်စင်းတို့ ရေထဲသို့ နစ်မြှုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငါးဖမ်းပိုက်များ၊ ကြိုးများ၊ ငါးဖမ်းကိရိယာများလည်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု ပမာဏ များပြားကြောင်း သိရသည်။

” ကျွန်တော်တို့ အတိုင်းအတာနဲ့ဆိုရင်တော့ ဆုံးရှုံးမှုက များတယ်လို့ ပြောရမယ်။ ရုတ်တရတ် လေပြင်းကျလာတာဆိုတော့ ဘာမှမတတ်နိုင်ဘူး။ နိုင်သလောက်တော့ ဝိုင်းလုပ်ကြပါသေးတယ်။ ငါးဖမ်းလှေက ဆယ်စင်းကျော်မယ် နစ်မြှုပ်သွားတာ။ ကျောက်တန်းကို ပြေးဆွဲတဲ့ မော်တော်တစ်စင်းလည်း နစ်မြှုပ်သွားတယ်။ ငါးဖမ်းပိုက်တွေ၊ ကြိုးတွေ၊ ပစ္စည်းတွေလည်း ပျက်စီးသွားတယ်။ ဒီမနက် ရေကျချိန်တော့ နစ်မြှုပ်သွားတဲ့ လှေတွေနဲ့ မော်တော်ကို ဆယ်ဖို့ လိုက်ရှာကြမယ်”ဟု ဒေသခံပရဟိတအဖွဲ့ဖြစ်သည့် မေတ္တာမွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိုက်ဆင်းလေပြင်း ရုတ်တရတ်တိုက်ခတ်မှုကြောင့် နိုဝင်ဘာ ၃၀ရက် ညပိုင်း၌ ရန်ကုန်မြို့ရှိ အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ လျှပ်စစ်မီးပြတ်ခြင်းများ ဖြစ်ပွားခဲ့သည်။