သိန်း ၅၀၀၀ ထောင်ဆုသာ အမြင့်ဆုံးပေးနိုင်သည့် အောင်ဘာလေထီ ရောင်းအားတက်လာဟု စစ်ကောင်စီ ဝါဒဖြန့်

Author လင်းခိုင်
Categories
Published on Nov 30, 2022

 

သိန်း ၅၀၀၀ ထောင်ဆုသာ အမြင့်ဆုံးပေးနိုင်သည့် အောင်ဘာလေထီ ရောင်းအားတက်လာသည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့တွင် ထုတ်ပြန်ထားသည်။

ယခုလအတွင်း အောင်ဘာလေထီစာအုပ် သုံးသိန်း ကိုးသောင်းကျော် ရောင်းချရခဲ့ပြီး ထီလက်မှတ်ရောင်းချရငွေ ကျပ်သန်း ၃၉၁၁ ရှိပြီး ၊ ကျပ်သန်း ၂၇၀၀ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဟု ဆိုသည်။

နို၀င်ဘာလအတွင်း အောင်ဘာလေထီရောင်းရငွေ ကျပ်သန်း ၃၇၀၀ ကျော်ရရှိခဲ့ပြီး နို၀င်ဘာလတွင် ကျပ်သန်း ၂၀၀ ကျော် ရောင်းအားတက်လာသည်ဟုလည်း အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ရောင်းအားတိုးတယ်တာပြောတာ၊ ကျွန်မတို့ကတော့ စကစ ထီကိုလှည့်တောင်မကြည့်ဘူး။ အရင်တုန်းက အိမ်ကိုလာလာရောင်းနေတဲ့ ထီသမားတောင် ဆိုက်ကားနင်းနေတယ်။ စစ်ကောင်စီကို ကူပြီး ငွေမရှာပေးချင်လို့ဆိုပြီး”ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အောင်ဘာလေထီအား ပြည်သူများအနေဖြင့် အားပေးခြင်းမရှိတော့ဘဲ ရောင်းအားထိုးကျခဲ့သည့်အတွက် အမြင့်ဆုံး သိန်း ၅၀၀၀ ထောင်ဆုသာ ပေးနိုင်တော့ပြီး၊ အနိမ့်ဆုံး ဆုငွေ ကျပ်တစ်သောင်း အထိဖြစ်နေခြင်းဖြစ်သည်။

စစ်ကောင်စီက တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်းတွင် အောင်ဘာလေထီကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့ကြီးများတွင် အဓိကထားရောင်းချနေရပြီး၊ ရောင်းအား အဆမတန် ထိုးကျခဲ့ပြီးနောက် ထီဆိုင်ခွဲများစွာ ပိတ်သိမ်းခဲ့ရသည်။

ထိုကဲ့သို့ ရောင်းအား အစမတန်ကျခဲ့သည့်အတွက် အွန်လိုင်းစနစ်ဖြင့် ထီရောင်းချရန် စစ်ကောင်စီသည် ယခင်နှစ် သြဂုတ် ၂၂ ရက်တွင် ထီဥပဒေကြမ်းကို ပြင်ဆင်ရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အောင်ဘာလေထီလုပ်ငန်းသည် စစ်တပ်အတွက် ၀င်ငွေဖြစ်သဖြင့် ယင်းထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NLD အစိုးရလက်ထက်တွင် အောင်ဘာလေထီရောင်းရငွေသည် ကျပ်သန်း ၂၀၀၀၀ ကျော်နှင့်အထက်ရှိခဲ့ပြီး အမြင့်ဆုံး ဆုအဖြစ် ကျပ်သိန်း တစ်သောင်းခွဲ၊ ဒုတိယဆု ကျပ်သိန်းတစ်သောင်း၊ တတိယ ဆု ကျပ်သိန်းငါးထောင် နှစ်ဆု၊ ကျပ်သိန်း နှစ်ထောင် လေးဆုနှင့် ကျပ်သိန်း တစ်ထောင် ၈ဆုအထိ ချီးမြှင့်နိုင်ခဲ့သည်။

ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အောင်ဘာလေ #ထီ #သွေးစွန်းငွေ