တောင်ငူတွင် မီတာခများ တောင်းခံရာတွင် ရက်လွန်ကြေး မီးဆက်ခဟုဆိုကာ ငွေကျပ်သုံးထောင် လိမ်လည်တောင်းခံနေ
တောင်ငူမြို့တွင် လျှပ်စစ်မီတာခများ တောင်းခံရာတွင် စစ်ကောင်စီခန့် မီတာစာရေးများမှ လစဉ် မီတာစာရွက်များကို လာရောက်ပေးခြင်း မရှိဘဲ လျှပ်စစ်ရုံးသို့ သွားရောက် မီတာဆောင်ရာတွင် မီးဆက်ခဟုဆိုကာ ငွေကျပ်သုံးထောင်အား လိမ်လည်တောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
မီတာအသုံးပြုခစာရွက်များကို လစဉ် လာရောက်ပေးဆောင်ခြင်း မရှိဘဲ ရက်ကျော်ကာ လာရောက်ပေးဆောင်ပြီးမှ လျှပ်စစ်ရုံးသို့ မီတာခသွားရောက် ပေးဆောင်ရာတွင် သတ်မှတ်ရက် ကျော်လွန်နေခြင်းကြောင့် မီးဆက်ခ သုံးထောင်ဟုဆိုကာ တောင်းခံနေခြင်းဖြစ်သည်။
“လတိုင်းလိုလိုလုပ်စားနေတာ မီတာစာရွက်လာမပေးလို့ ရုံးသွားရင် ရုံးက ရက်ကျော်နေပြီဆိုပြီး ပိုက်ဆံတောင်းတယ်၊ မီတာစာရေးက လာမပေးလို့ မသိဘူး မီတာစာရေးနဲ့ပြောမယ်ဆိုရင် ဖုန်းနံပတ်ပေးတယ် သူတို့ပေးတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်ရင် အမြဲ မီတာစာရေးက ဆေးရုံရောက်နေတယ် လူနာစောင့်ဆိုသူပဲ ကိုင်တယ် တစ်လမဟုတ်ဘူး လတိုင်းလိုလိုပဲ လူတိုင်းခံရတာ၊ ပေါင်းကြံတာပါ”ဟု ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။
တော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီ ဝင်ငွေမရရှိစေရေးအတွက် မီတာမဆောင်သပိတ်များ လှုပ်ရှားခဲ့သော်လည်း တော်လှန်ရေး အချိန်ကြာမြင့်လာပြီးနောက် မြို့ကြီးအများစုတွင် လျှပ်စစ်မီတာများ ဖြုတ်သိမ်းခံရခြင်း မီးဖြတ်တောက်ခံရခြင်းများကြောင့် စစ်ကောင်စီအား မဖြစ်မနေ လျှပ်စစ်မီတာခများ ပေးဆောင်ရမှုများ ရှိနေခဲ့သည်။