ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု နှစ်ပတ်လည်ထုတ်ပြန်ချက်များကို စစ်ကောင်စီကန့်ကွက်

Author CJ Platform
Categories
Published on Aug 26, 2022

#CjPlatform
🖋ခေတ်နီ
ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြချက်နှင့် ၂၀၁၇ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျုးလွန်ခဲ့သည့် လုပ်ရပ်များနှင့်ပတ်သတ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ထုတ်ပြန်ချက်တွေကို ကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီလက်အောက်မှာရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂတ်လ ၂၅ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးခေါင်းစဥ်နှင့် သတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သန်း၄သောင်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ဖြစ်စဉ် ၅ နှစ်ပြည့် နှစ်ပတ်လည်မှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက ယမန်နေ့မှာ ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါ ကြေညာချက်တွေဟာ အချက်အလက်များမှန်ကန်တိကျမှု မရှိဘူးဆိုကာ စစ်ကောင်စီဘက်က တုံပြန်ထားတာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဥ်ဟာ ARSA အဖွဲ့က လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်း ဌာနချုပ်တစ်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာက စတင်ခဲ့တာကြောင့်လို့ပြောဆိုထားပြီး မြန်မာစစ်တပ်အနေဖြင့်ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်တဲ့အရေးယူ တုံ့ပြန်မှုတွေကို ဆောင်ရွက်ခဲ့တာလို့လဲ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုထားပါသေးသည်။
ဒါ့အပြင် “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းလည်း အသိအမှတ်မပြု၊ လက်မခံကြောင်းနှင့် သမိုင်းအထောက်အထားများတွင် မရှိဘဲ ဥပဒေကြောင်းအရလည်း သုံးစွဲမှုမရှိဘူးဟုပြောဆိုထားပြီး ဒီလိုသုံးစွဲတာဟာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် သုံးစွဲနေတာဖြစ်တယ်လို့လဲ စစ်ကောင်စီဘက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာစစ်တပ်ဟာရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသား လူမျိုးစုများအပေါ်မှာလူ့ အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်များစွာလုပ်ဆောင်နေပြီး ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို အီးယူ၊ ဩစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ က နိုင်ငံခြားရေးဝန်ကြီးတွေကလဲ ယမန်နေ့မှာထုတ်ပြန်တိုက်တွန်းထားပါသေးသည်
ဓာတ်ပုံ – Mohammad Zonaid