ပူတာအိုမြို့နယ်တွင် တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

Author CJ Platform
Categories
Published on Aug 24, 2022

 

#CjPlatform

*အောင်နိူင်သူ

ပူတာအိုမြို့နယ် မူလာရှီးဒီ မနက်ဈေးတွင် ယနေ့ နံနက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် စျေးလာဝယ်သူ လူငယ်နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုမြို့ခံတွေဆီ ကသိရသည်။

ယနေ့ နံနက်ပိုင်းက မူလာရှီဒီစျေးရှိ ကုန်စုံဆိုင်တစ်ခုအတွင်း အသက် ၂၀ ကျော် အရွယ် လူငယ်နှစ်ဦးမှ တစ်သောင်းတန်အတုများဖြင့် ကုန်စုံပစ္စည်းများကို နှစ်ကြိမ်တိုင်လာရောက်ဝယ်ယူရာမှ တစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သူတိုနှစ်ယောက်က ပထမအကြိမ်လာဝယ်တယ် ဒုတိယအကြိမ်မှာ တစ်ယောက်ကို မိတာ ဆိုင်ရှင်အမျိုးသမီးက ပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ မိသွားတာ”ဟု ရှင်းပြသည်။

ဖမ်းဆီးရမိသူ လူငယ်အမျိုးသားကို စျေးသူစျေးသားမှပူတာအိုမြို့မရဲစခန်းတွင် အပ်နှံထားပြီး ကျန်ရှိနေသည့် ငွေအတုကိုင်ဆောင်သူများကို ရဲတပ်ဖွဲက လိုက်လံရှာဖွေနေသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူတို့က ဧရာဝတီတိုင်းဘက်က အုပ်စုနဲ့လာတာ တစ်သောင်းတန်အတု သိန်းသုံးရာလောက်ပါတယ် ပြောတယ်အခုရဲတွေက လိုက်ရှာနေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးရမိသည့် ငွေတုကိုင်ဆောင်သူကို ပူတာအိုမြို့မရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်နိူင်ရန် စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။