အင်းလေးကန် ဘာဖြစ်သွားနိုင်လဲ
ညောင်ရွှေမြို့နဲ့ အင်းလေးဒေသမှာ ရေကြီးရေလျှံမှုတွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ဆိုရင် အင်းလေးကန်အတွင်း ရေဝင်ရောက်လာတဲ့ မြစ်ချောင်းတွေ၊ ရေထွက်ပေါက်၊ အထက်ပိုင်းဒေသတွေရဲ့ မိုးရွာသွန်းမှုနဲ့ ကန်ရေမျက်နှာပြင်အခြေအနေတွေကို တစ်ပြိုင်နက်တည်း စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ သုတေသနစာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ညောင်ရွှေမြို့နဲ့ အင်းလေးဒေသမှာ ရေကြီးရေလျှံမှုတွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ဆိုရင် အင်းလေးကန်အတွင်း ရေဝင်ရောက်လာတဲ့ မြစ်ချောင်းတွေ၊ ရေထွက်ပေါက်၊ အထက်ပိုင်းဒေသတွေရဲ့ မိုးရွာသွန်းမှုနဲ့ ကန်ရေမျက်နှာပြင်အခြေအနေတွေကို စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ သုတေသနလေ့လာချက်မှာ အကြံပြုထားပါတယ်။
ဦးဝင်းနိုင်ရဲ့ လေ့လာချက်အရ အင်းလေးကန်ရေကြီးမှုဟာ ကန်အတွင်း မိုးရွာသွန်းမှုတစ်ခုတည်းကြောင့် ဖြစ်ပေါ်တာမဟုတ်ဘဲ ကန်အထက်ပိုင်း ရေဝေရေလဲဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ တောင်စောင်းတွေကနေ မြေဆီလွှာနဲ့ နုန်းတွေ စီးဝင်လာမှု၊ ကန်ရေထွက်ပေါက်ရဲ့ ရေထုတ်လွှတ်နိုင်စွမ်းနဲ့ ရာသီဥတုအခြေအနေတွေပါ ဆက်စပ်နေပါတယ်။
ရေကြီးမှုဖြစ်စေနိုင်တဲ့ အဓိကအချက်တွေ
အင်းလေးကန်အတွင်းကို အဓိကရေဝင်ရောက်တဲ့ ချောင်းကြီး ၄ ခုနဲ့ တောင်ကြားချောင်းငယ်တွေ ရှိပါတယ်။ အဓိကချောင်းကြီးတွေကတော့ နမ့်လတ်ချောင်း၊ နဂရားချောင်း၊ ကလောချောင်းနဲ့ အင်းတိန်ချောင်းတို့ ဖြစ်ပါတယ်။
အဲဒီချောင်းတွေရဲ့ ရေဝေရေလဲဒေသတွေဖြစ်တဲ့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယနဲ့ ရပ်စောက်ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းရင် ချောင်းတွေကတစ်ဆင့် အင်းလေးကန်ထဲကို ရေအမြောက်အမြား စီးဝင်လာနိုင်ပါတယ်။
အထူးသဖြင့် ကလောချောင်းရေဝေရေလဲဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းရင် တောင်စောင်းတွေကနေ ရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာပြီး အင်းလေးကန်အနောက်ဘက်ခြမ်းကို ရောက်ရှိလာနိုင်ပါတယ်။
အင်းလေးကန်ရဲ့ တစ်ခုတည်းသော အဓိကရေထွက်ပေါက်ဖြစ်တဲ့ ဘီလူးချောင်း (နမ့်ပန်ချောင်း) ကနေ ရေထွက်နိုင်တဲ့ ပမာဏမှာ ကန့်သတ်ချက်ရှိပါတယ်။ ဒါကြောင့် ကလောချောင်းနဲ့ နမ့်လတ်ချောင်းတို့ကနေ ရေတွေ တစ်ပြိုင်နက်တည်း အများအပြား ဝင်လာတဲ့အခါ ရေဝင်ပမာဏက ရေထွက်ပမာဏထက် ပိုများလာပြီး ကန်ရေမျက်နှာပြင် မြင့်တက်လာနိုင်ပါတယ်။
ဒါ့အပြင် အင်းလေးကန်ရဲ့ အထက်ပိုင်းဒေသတွေမှာ သစ်တောပြုန်းတီးမှု၊ တောင်စောင်းစိုက်ပျိုးရေးနဲ့ မြို့ပြတည်ဆောက်မှုတွေကြောင့် မြေဆီလွှာက မိုးရေကို စုပ်ယူထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာပါတယ်။ အဲဒီအတွက် မိုးရွာသွန်းတဲ့အခါ ရေတွေဟာ မြေအောက်ထဲ စိမ့်ဝင်မယ့်အစား မြေမျက်နှာပြင်ပေါ်ကနေ ချောင်းတွေထဲကို အရှိန်နဲ့ စီးဝင်လာပြီး ရုတ်တရက်ရေကြီးမှုတွေ ဖြစ်စေနိုင်ပါတယ်။
နုန်းပို့ချမှုကြောင့် ကန်ရေသိုလှောင်နိုင်စွမ်း လျော့နည်းလာ
အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသတွေကနေ နှစ်စဉ် နုန်းနဲ့ မြေဆီလွှာတွေ ကန်အတွင်းကို စီးဝင်လာတာဟာလည်း ရေကြီးမှုအန္တရာယ်ကို ပိုမိုမြင့်တက်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ဦးဝင်းနိုင်ရဲ့ လေ့လာချက်မှာ အင်းလေးကန်အတွင်း နုန်းအများဆုံး ပို့ချနေတဲ့ ချောင်းကြီးတွေထဲမှာ ကလောချောင်း၊ နမ့်လတ်ချောင်းနဲ့ နဂရားချောင်းတို့ ပါဝင်ပြီး စုစုပေါင်းနုန်းဝင်ရောက်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို အနောက်ဘက်ရေဝေရေလဲဒေသက ချောင်းတွေက သယ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် ကလော၊ အောင်ပန်းနဲ့ ဟဲဟိုးဒေသတွေမှာ တောင်စောင်းစိုက်ပျိုးရေးလုပ်ငန်းတွေ၊ သစ်တောပြုန်းတီးမှုနဲ့ မြို့ပြတိုးချဲ့မှုတွေကြောင့် မြေဆီလွှာတိုက်စားမှု ပိုမိုဖြစ်ပွားပြီး နုန်းတွေ ကန်အတွင်း စီးဝင်လာတာဖြစ်ပါတယ်။
နုန်းတွေ စုပုံလာတာကြောင့် ချောင်းဝတွေနဲ့ ကန်အောက်ခြေတွေ တိမ်ကောလာပြီး ရေစီးဆင်းရာလမ်းကြောင်းတွေ ကျဉ်းမြောင်းလာနိုင်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ သစ်တုံး၊ အမှိုက်သရိုက်နဲ့ နုန်းတွေကြောင့် ချောင်းဝပိတ်ဆို့မှု ဖြစ်ပေါ်နိုင်ပြီး အနီးအနားကျေးရွာတွေမှာ ရေမြင့်တက်မှု ဖြစ်စေနိုင်ပါတယ်။
ရေကြီးမှုကို ကြိုတင်သတိပေးနိုင်ဖို့ ဘာတွေစောင့်ကြည့်ရမလဲ
အင်းလေးကန်ရေကြီးမှုကို ကြိုတင်ခန့်မှန်းနိုင်ဖို့ အဓိကအချက် ၄ ချက်ကို စောင့်ကြည့်ဖို့ ဦးဝင်းနိုင်က အကြံပြုထားပါတယ်။
ပထမအချက်ကတော့ ကလော၊ အောင်ပန်း၊ ဟဲဟိုးနဲ့ ပင်းတယဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာ (၂ လက်မခန့်) နဲ့အထက် ရွာသွန်းမှု ဆက်တိုက်ရှိ၊ မရှိ စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ၁၂ နာရီကနေ ၂၄ နာရီအတွင်း အင်းလေးကန်ရေမျက်နှာပြင် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ဒုတိယအချက်ကတော့ မြေဆီလွှာရဲ့ ရေစုပ်ယူနိုင်စွမ်းနဲ့ မြေစိုထိုင်းဆအခြေအနေ ဖြစ်ပါတယ်။ မိုးရာသီအတွင်း မြေဆီလွှာမှာ ရေပြည့်ဝနေပြီးသားဆိုရင် မိုးထပ်ရွာတဲ့အခါ ရေတွေဟာ မြေအောက်ကို စိမ့်ဝင်မှုနည်းပြီး ချောင်းတွေထဲကို အလျင်အမြန် စီးဝင်လာနိုင်ပါတယ်။
တတိယအချက်ကတော့ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က မုန်တိုင်းလမ်းကြောင်းတွေ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံဘက်က ဝင်ရောက်လာနိုင်တဲ့ အပူပိုင်းမုန်တိုင်းအကြွင်းအကျန်တွေကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။
စတုတ္ထအချက်ကတော့ အင်းလေးကန်ရေမျက်နှာပြင်နဲ့ မိုးဗြဲဆည်ရဲ့ ရေသိုလှောင်မှု၊ ရေထုတ်လွှတ်မှုအခြေအနေတွေကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ ကန်ရေမျက်နှာပြင်က ပုံမှန်ထက် မြင့်နေပြီးသားဆိုရင် မိုးထပ်ရွာတဲ့အခါ ရေကြီးမှုအန္တရာယ် ပိုမိုမြင့်တက်လာနိုင်ပါတယ်။
အင်းလေးကန်ရေကြီးမှု လျှော့ချဖို့ ရေရှည်လုပ်ဆောင်ရမယ့် နည်းလမ်းတွေ
အင်းလေးကန်ရေကြီးမှုကို ရေရှည်ကာကွယ်နိုင်ဖို့ဆိုရင် ကန်အတွင်း ရေထွက်ပေါက်ကို ထိန်းညှိတာတစ်ခုတည်းနဲ့ မလုံလောက်ဘဲ အထက်ပိုင်းရေဝေရေလဲဒေသတွေ၊ ချောင်းလမ်းကြောင်းတွေနဲ့ ကန်အတွင်းပိုင်းကိုပါ စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ လေ့လာချက်မှာ အကြံပြုထားပါတယ်။
အထက်ပိုင်းဒေသတွေမှာ တောင်စောင်းစိုက်ပျိုးရေးစနစ်ကို ပြောင်းလဲပြီး တောင်စောင်းအတိုင်း ထွန်ယက်စိုက်ပျိုးတာထက် တောင်စောင်းအဆင့်လိုက် စိုက်ပျိုးတဲ့စနစ်ကို အသုံးပြုဖို့၊ မြေဆီလွှာတိုက်စားမှု လျှော့ချနိုင်တဲ့ မြက်နဲ့ သစ်ပင်တွေ စိုက်ပျိုးဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် မိုးရေကို မြေအောက်ထဲ စိမ့်ဝင်စေဖို့ ရေစိမ့်ဝင်ကန်ငယ်တွေ တည်ဆောက်တာ၊ သဘာဝရေထွက်ပေါက်တွေနဲ့ စိမ့်စမ်းရေထွက်ရာနေရာတွေကို ထိန်းသိမ်းတာ၊ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှု မဖြစ်အောင် ထိန်းချုပ်တာတွေကိုလည်း လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။
ကန်အတွင်းမှာတော့ နုန်းတွေ စုပုံနေတဲ့ နေရာတွေကို စနစ်တကျ ဖယ်ရှားတာ၊ အဓိကရေလမ်းကြောင်းတွေကို ပြန်လည်နက်ရှိုင်းအောင် ဆောင်ရွက်တာနဲ့ တရားမဝင် ကန်ကျွန်းသစ်တွေ တိုးချဲ့တည်ဆောက်တာကို တားမြစ်ဖို့ အကြံပြုထားပါတယ်။
အင်းလေးကန်အတွင်း ပျံ့နှံ့နေတဲ့ ဗေဒါပင်တွေကိုလည်း ရေစီးဆင်းမှု မပိတ်ဆို့စေဖို့ ရှင်းလင်းဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဖယ်ရှားလိုက်တဲ့ ဗေဒါပင်တွေကို စွန့်ပစ်ပစ္စည်းအဖြစ် မထားဘဲ သဘာဝမြေဩဇာ၊ လက်မှုပစ္စည်းနဲ့ ဇီဝလောင်စာအဖြစ် ပြန်လည်အသုံးချနိုင်တယ်လို့ အကြံပြုထားပါတယ်။
အင်းလေးကန်ရဲ့ တစ်ခုတည်းသော ရေထွက်ပေါက်ဖြစ်တဲ့ ဘီလူးချောင်းနဲ့ မိုးဗြဲဆည်တို့ရဲ့ ရေထုတ်လွှတ်မှုကိုလည်း ရာသီအလိုက် ညှိနှိုင်းထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ရေအလွန်အကျွံ ထုတ်လွှတ်ခြင်းကြောင့် ကန်ရေမျက်နှာပြင် အလွန်အမင်း ကျဆင်းမသွားစေဖို့နဲ့ ကန်ရဲ့ ဂေဟစနစ်အတွက် လိုအပ်တဲ့ အနည်းဆုံးရေပမာဏကို ထိန်းသိမ်းထားဖို့ အကြံပြုထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကလည်း အင်းလေးကန်ရေအခြေအနေကို သက်ရောက်နိုင်
လေ့လာချက်မှာ အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ ရှမ်းကုန်းပြင်မြင့်နဲ့ အင်းလေးကန်ရေဝေရေလဲဒေသတွေရဲ့ မိုးရွာသွန်းမှုပုံစံနဲ့ အပူချိန်ကို သက်ရောက်စေနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မုတ်သုံမိုးဝင်ရောက်မှု နောက်ကျတာ၊ မိုးရွာသွန်းမှု လျော့နည်းတာနဲ့ မိုးရာသီစောစီးစွာ ကုန်ဆုံးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် နွေရာသီအပူချိန် မြင့်တက်လာတာကြောင့် ကန်ရေမျက်နှာပြင်က ရေငွေ့ပျံမှုလည်း ပိုများလာနိုင်ပါတယ်။
လေ့လာချက်မှာ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၆ ပြည့်နှစ်တွေဟာ အယ်လ်နီညိုသက်ရောက်မှု ပြင်းထန်ခဲ့တဲ့နှစ်တွေဖြစ်ပြီး အင်းလေးကန်ရေခန့်မှန်းမှုအတွက် သတိထားလေ့လာရမယ့် နမူနာနှစ်တွေအဖြစ် ဖော်ပြထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရေဝင်ရောက်မှု လျော့နည်းနိုင်သလို နွေရာသီမှာ ရေအသုံးပြုမှုနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ရေထုတ်လွှတ်မှုတွေ ဆက်ရှိနေမယ်ဆိုရင် ကန်အတွင်း ရေအဝင်နဲ့ အထွက် မမျှတမှု ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် မိုးရာသီမတိုင်ခင် မိုးဗြဲဆည်ရေသိုလှောင်မှုကို စနစ်တကျ ထိန်းညှိထားဖို့၊ မိုးရာသီမတိုင်မီ ချောင်းလမ်းကြောင်းနဲ့ ရေထွက်ပေါက်တွေကို ရှင်းလင်းထားဖို့၊ နွေရာသီမှာ သောက်သုံးရေသိုလှောင်မှုနဲ့ ရေအန္တရာယ်ကာကွယ်ရေးအစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
အင်းလေးကန်ရေကြီးမှုကို ကြိုတင်ခန့်မှန်းနိုင်ဖို့ဆိုတာ မိုးလေဝသခန့်မှန်းချက်တစ်ခုတည်းကို အားကိုးလို့မရဘဲ အထက်ပိုင်းရေဝေရေလဲဒေသကနေ ကန်အတွင်း၊ ကန်ရေထွက်ပေါက်အထိ ရေစီးဆင်းမှုတစ်လျှောက်လုံးကို စောင့်ကြည့်နိုင်တဲ့ စနစ်တစ်ခု တည်ဆောက်ဖို့ လိုအပ်နေပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ လေ့လာချက်မှာ အကြံပြုထားတဲ့အတိုင်း မိုးလေဝသစောင့်ကြည့်မှု၊ ရေဝေရေလဲဒေသထိန်းသိမ်းမှုနဲ့ ကန်အတွင်း ရေစီးဆင်းမှုစီမံခန့်ခွဲမှုတွေကို ပေါင်းစပ်လုပ်ဆောင်နိုင်မှသာ ညောင်ရွှေမြို့နဲ့ အင်းလေးဒေသမှာ ရေကြီးရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပေးနိုင်ပြီး ရေရှည်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
