မူဆလင်ကျောင်းသားတွေ အတန်းတင်စာမေးပွဲ ဖြေဆိုနိုင်ရေး ULA ထောက်ပံ့
မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းတွေမှာ အတန်းတင်စာမေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ငွေကျပ် သိန်း ၂၂၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီခန့်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နေရာတစ်ခုမှာ ကျင်းပခဲ့ပြီး မောင်တောခရိုင်အတွင်းရှိ ULA တာဝန်ရှိသူတွေ၊ ပညာရေးတာဝန်ရှိသူတွေ၊ မာဒရာဆာကျောင်းအုပ်ဆရာကြီးတွေ၊ ခရိုင်ဂျူရီအဖွဲ့ဥက္ကဋ္ဌ၊ မူဆလင်ရေးရာကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ မော်လဝီဆရာတွေအပါအဝင် ဒေသခံ ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ULA ရဲ့ မောင်တောခရိုင်တာဝန်ရှိသူက မောင်တောခရိုင် မာဒရာဆာကျောင်းအုပ်ဆရာကြီး၊ ခရိုင်ဂျူရီအဖွဲ့ဥက္ကဋ္ဌနဲ့ မူဆလင်ရေးရာကောင်စီဥက္ကဋ္ဌတို့ထံ ထောက်ပံ့ငွေကျပ် သိန်း ၂၂၀ ကျော်ကို ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားမှာ မာဒရာဆာကျောင်းအုပ်ဆရာကြီး၊ ခရိုင်ဂျူရီအဖွဲ့ဥက္ကဋ္ဌနဲ့ မူဆလင်ရေးရာကောင်စီဥက္ကဋ္ဌတို့က မူဆလင်ကျောင်းသားလူငယ်တွေ ဘာသာရေးဆိုင်ရာပညာရပ်တွေအပြင် အစိုးရသင်ရိုးညွှန်းတမ်းအခြေခံ အထွေထွေပညာရပ်တွေကိုပါ သင်ယူနိုင်ရေးနဲ့ အတန်းတင်စာမေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ULA က အခုလို ထောက်ပံ့ပေးအပ်တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း အသီးသီး ပြောကြားခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို ညနေ ၃ နာရီခန့်မှာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အခုလို ထောက်ပံ့ပေးအပ်မှုမတိုင်ခင် ဇူလိုင် ၂၆ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ မူဆလင်ကျောင်းသားလူငယ်တွေ အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း ပညာသင်ကြားနိုင်ရေးနဲ့ပတ်သက်ပြီး မော်လဝီဆရာတွေနဲ့ ULA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်က မာဒရာဆာကျောင်း ၂၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းသုံးစာအုပ်တွေနဲ့ စာရေးကိရိယာတွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
