တိုက်ပွဲတွေနဲ့ လေကြောင်းအန္တရာယ်ကြောင့် မင်းတပ်နဲ့ ကန်ပက်လက်မှာ ပညာရေးလုပ်ငန်းတွေ ရပ်တန့်နေ

Author CJ Platform
Categories
Published on Oct 24, 2026

ချင်းပြည်၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စက်တင်ဘာလကစပြီး တကျော့ပြန်တိုက်ပွဲတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး ပညာရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေတယ်လို့ ပညာရေးဝန်ထမ်းတွေက CJ Platform ကို ပြောပါတယ်။

 

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ လေယာဉ်တွေ မကြာခဏ ဝဲပျံနေတာတွေကြောင့် စာသင်ကျောင်းတွေကို ပိတ်လိုက်၊ အခြေအနေ အနည်းငယ်ငြိမ်သက်လာရင် ပြန်ဖွင့်လိုက်နဲ့ သင်ကြားရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

 

“တိုက်ပွဲတွေနဲ့ လေယာဉ်တွေက အမြဲလိုလို ဝဲပျံနေတော့ ကလေးတွေရဲ့ အသက်အန္တရာယ်အတွက် အရမ်းစိုးရိမ်ရတယ်။ ကျောင်းတွေက ပိတ်လိုက်၊ အခြေအနေ နည်းနည်းအေးသွားရင် ခဏပြန်ဖွင့်လိုက်နဲ့ ပညာရေးက တော်တော်လေး ရပ်တန့်နေရတဲ့ အခြေအနေပါပဲ” လို့ မင်းတပ်မြို့နယ်က ပညာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် ဒေသတွင်းက ကလေးတွေဟာ ပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့အပြင် စစ်ပွဲအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

 

တချို့ကျေးရွာတွေမှာ တစ်လကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ကျောင်းတွေ အရေးပေါ်ပိတ်ရတာရှိပြီး တိုက်ပွဲတွေ ပြင်းထန်တဲ့အချိန်မှာ ရက်ပေါင်းများစွာ ဆက်တိုက် ပိတ်ထားရတာလည်း ရှိတယ်လို့ သိရပါတယ်။

 

စာသင်ကျောင်းတွေနဲ့ ယာယီစာသင်ဆောင်တွေအနီးမှာ အရေးပေါ်ပုန်းခိုနိုင်ဖို့ ဗုံးခိုကျင်းတွေနဲ့ ကတုတ်ကျင်းတွေ တူးထားရပါတယ်။ စာသင်နေချိန် လေယာဉ်သံကြားတာနဲ့ သင်ကြားရေးကို ချက်ချင်းရပ်ပြီး ကလေးတွေကို ဗုံးခိုကျင်းထဲ အမြန်ဝင်ပုန်းခိုင်းရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

 

“ကျောင်းဖွင့်ထားတယ်ဆိုပေမဲ့ စိတ်အေးလက်အေး မရှိပါဘူး။ စာသင်နေရင်း လေယာဉ်သံကြားရင် စာအုပ်တွေ ဒီအတိုင်းထားခဲ့ပြီး ဗုံးခိုကျင်းထဲ ပြေးရတာပါ။ ကလေးတွေလည်း လေယာဉ်သံကြားရင် ကြောက်လန့်ပြီး တုန်လှုပ်ကုန်ကြတယ်။ စာသင်တာထက် ဘေးအန္တရာယ်က လွတ်အောင် ကြည့်နေရတာက ပိုများပါတယ်” လို့ ကန်ပက်လက်မြို့နယ်က ပညာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတချို့က စာသင်ကျောင်းတွေနဲ့ စာသင်ခုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိလာတဲ့အခါ ဒေသခံတွေဟာ လုံခြုံရေးအတွက် တောတောင်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ခေတ္တဖြစ်စေ၊ ရေရှည်ဖြစ်စေ တိမ်းရှောင်နေကြရပါတယ်။ ဒီလိုတိမ်းရှောင်ရတာကြောင့် သတ်မှတ်ထားတဲ့ စာသင်နှစ်အလိုက် သင်ရိုးညွှန်းတမ်းတွေကို အချိန်မီ သင်ကြားပြီးစီးဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

 

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေဟာ တောင်ကုန်းတောင်တန်းထူထပ်တာကြောင့် သွားလာရေးခက်ခဲတဲ့အပြင် စစ်ရေးအခြေအနေကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့ခံရတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပညာရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ၊ စာအုပ်စာစောင်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ ရရှိဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ 

 

 

Related News

Depend on news