တွန်းဇံနဲ့ ဖလမ်းမှာ နှစ်ချီ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရလို့ SIM ကတ်တွေ ပိတ်သွားပြီး အသစ်ဝယ်ဖို့ သောင်းချီကုန်ကျ

Author CJ Platform
Categories
Published on Oct 23, 2026

ချင်းပြည်၊ တွန်းဇံမြို့နဲ့ ဖလမ်းမြို့တွေမှာ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ပြီးနောက် ဖုန်းလိုင်းအချို့ ပြန်ရလာပေမဲ့ နှစ်နဲ့ချီ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် SIM ကတ်တွေ အလိုအလျောက် ပိတ်သွားပြီး အသစ်ပြန်ဝယ်ဖို့ ငွေကျပ်သောင်းချီ ကုန်ကျနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီမြို့တွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ကာလရှည်ကြာ ဖြတ်တောက်ခံထားရတာကြောင့် SIM ကတ်တွေရဲ့ အချက်အလက်တွေ အပ်ဒိတ်မဖြစ်တော့ဘဲ သတ်မှတ်ကာလကျော်လွန်သွားတဲ့အတွက် ကတ်အများအပြား အလိုအလျောက် ပိတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း လုံးဝမရတာ နှစ်နဲ့ချီနေပြီ။ အဲဒီတော့ ဖုန်းထဲက SIM ကတ်တွေက အချက်အလက်မသွားတော့ဘဲ အလိုလိုပိတ်ကုန်တယ်။ ဖုန်းဆက်လို့မရတော့ဘူး၊ အရေးပေါ်ကိစ္စတွေမှာ တော်တော်လေး အခက်တွေ့ရတယ်” လို့ တွန်းဇံဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

SIM ကတ်တွေ အသုံးပြုလို့မရတော့တာကြောင့် ဒေသခံတွေဟာ ပြင်ပနဲ့ ဆက်သွယ်နိုင်ဖို့ SIM ကတ်အသစ်တွေကို ငွေကျပ်သောင်းချီပေးပြီး ပြန်လည်ဝယ်ယူနေရတယ်လို့ သိရပါတယ်။

 

ပုံမှန်အားဖြင့် SIM ကတ်တစ်ကတ်ဟာ သာမန်ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ပေမဲ့ လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ ကုန်ပစ္စည်းရှားပါးတာတွေကြောင့် ဒေသတွင်းမှာ ငွေကျပ်သောင်းချီပေးပြီး ဝယ်ယူနေရတာဖြစ်ပါတယ်။

 

“SIM ကတ်တွေက အင်တာနက်မရှိတော့ အလိုလိုပိတ်သွားတယ်။ အသစ်ပြန်ဝယ်ဖို့ကျတော့လည်း ဈေးတွေက သောင်းနဲ့ချီပေးရတော့ နေ့စဉ်ဝင်ငွေမရှိတဲ့ ပြည်သူတွေအတွက် တော်တော်လေးကို ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်” လို့ ဖလမ်းဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖုန်းလိုင်းအချို့ ပြန်ရလာပေမဲ့ SIM ကတ်တွေ ပိတ်သွားတာနဲ့ အသစ်ဝယ်ယူဖို့ ကုန်ကျစရိတ်ကြီးမြင့်တာတွေကြောင့် ဒေသခံတွေအတွက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခက်အခဲတွေ ပိုများလာပါတယ်။

 

ဒါ့အပြင် SIM ကတ်အသစ်တွေကို ခက်ခက်ခဲခဲ ဝယ်ယူအသုံးပြုနေရပေမဲ့ အင်တာနက်လိုင်းတွေ ပြန်မရသေးတာကြောင့် တွန်းဇံနဲ့ ဖလမ်းမြို့တွေမှာ သတင်းအချက်အလက် ရရှိမှုနှောင့်နှေးတာနဲ့ ကုန်သွယ်ရေးအခက်အခဲတွေကို ဆက်လက်ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ တွန်းဇံနဲ့ ဖလမ်းဒေသခံတွေဟာ ဆက်သွယ်ရေးအဆင်ပြေစေဖို့ ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့နဲ့ SIM ကတ်တွေကို အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ လိုလားနေကြပါတယ်။

 

ဓာတ်ပုံ – CJ 

CJ