ဂန့်ဂေါမှာ ဘယ်ကျောင်းတက်တက် ကျောင်းသားတွေကို အရေးယူမှာမဟုတ်ဘူးလို့ ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်

Author CJ Platform
Categories
Published on Oct 22, 2026

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက ကျောင်းနေအရွယ်ကလေးငယ်တွေအနေနဲ့ ဘယ်နေရာမှာပဲ ပညာသင်ယူနေပါစေ အပြစ်ပေးအရေးယူမှာမဟုတ်ဘဲ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို အပြည့်အဝ အာမခံပေးမယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် မြို့နယ်အတွင်း ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေ အခြေခံပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကစပြီး ပြည်သူ့အခြေပြုကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

 

ကလေးငယ်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို အထူးလေးစားတန်ဖိုးထားပြီး ဒီအခွင့်အရေးဟာ ပညာရေးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်းရဲ့ အသိပညာဖွံ့ဖြိုးဖို့နဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ပညာရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါကြောင့် ဂန့်ဂေါမြို့နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘယ်နေရာမှာပဲ ကျောင်းတက်ပြီး ပညာသင်ယူနေပါစေ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ လူ့အခွင့်အရေးကို အခြေခံပြီး အပြစ်ပေးအရေးယူတာမျိုး လုံးဝပြုလုပ်မှာမဟုတ်ဘူးလို့ ပညာရေးဘုတ်အဖွဲ့က အသိပေးထားပါတယ်။

 

ပုံစာ – အညာဒေသရှိ မြေပြင်စာသင်ကျောင်းတစ်ကျောင်းကို မြင်ရပုံ (ပုံဟောင်း)