လိုင်စင်မဲ့ကားစီးပြီး လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မဘသဘုန်းကြီး ဦးလက္ခဏသာရကို သင်္ဃန်းကျွန်းတရားရုံးက ထောင်ဒဏ် ၁ နှစ် ၉ လ ချမှတ်

Author CJ Platform
Categories
Published on Oct 16, 2026

လိုင်စင်မဲ့ကားစီးမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ မဘသဆရာတော် ဦးလက္ခဏသာရကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အောက်တိုဘာ ၁၆ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ၉ လ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

ဦးလက္ခဏသာရကို သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ နဲ့ လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ပုဒ်မ ၂၃ (က) တို့အရ အမှုနှစ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဝစ်သောက်ကားစီးတာရယ်၊ ဘုန်းကြီးဖြစ်ပြီး ဓားတွေဆောင်ထားလို့ ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အမိန့်ချလိုက်တာ။ သူ့ကို တိုင်တာလည်း အာဏာသိမ်းတုန်းက ဆန္ဒအတူပြခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်တာ” လို့ သူက ပြောပါတယ်။

 

ဦးလက္ခဏသာရကို ဇွန်လ ၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၃ ရက်မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး အဲဒီအချိန်က မဘသဘုန်းကြီးတွေဟာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြတယ်လို့ မဘသအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဦးလက္ခဏသာရကို ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက တိုင်ကြားခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီတာဝန်ခံတွေနဲ့ မဘသဆရာတော်တွေကြား ညှိနှိုင်းခဲ့ပေမဲ့ တာဝန်ယူဖြေရှင်းပေးမှု မရရှိခဲ့ဘူးလို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ ဦးပညာဝံသက ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားထားပါတယ်။

 

သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံအနောက်ရပ်ကွက်ရှိ သာသနာ့သိဒ္ဓိကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးလက္ခဏသာရဟာ အခကြေးငွေယူပြီး အမှုပွဲစားလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဇွန်လ ၈ ရက်မှာ မြို့နယ်သံဃနာယကအဖွဲ့ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်