ရန်ကုန်မှာ ဆေးဆိုင်အချို့ ပိတ်သိမ်းလာပြီး ဆိုင်အများစုမှာ မြန်မာပရဆေးတွေကိုသာ အဓိကရောင်းချနေရ

Author CJ Platform
Categories
Published on Oct 13, 2026

စစ်အုပ်စုက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ်ထားတာနဲ့ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆေးဝါးဝယ်ယူရရှိဖို့ ခက်ခဲလာပြီး ရန်ကုန်မြို့မှာ ဆေးဆိုင်အချို့ ပိတ်သိမ်းလာရတယ်လို့ ရန်ကုန်တိုင်းက ဆေးဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

ဆက်လက်ဖွင့်လှစ်နေတဲ့ ဆေးဆိုင်အချို့မှာလည်း ပြည်ပက တင်သွင်းတဲ့ဆေးဝါးတွေအပြင် ပြည်တွင်းထုတ် BPI ဆေးဝါးအချို့ပါ ဝယ်ယူမရတော့တာကြောင့် မြန်မာတိုင်းရင်းဆေးဝါးတွေကို အဓိကထား ရောင်းချနေရတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

 

“ပိတ်လိုက်တယ်၊ ဆေးဝယ်မရဘူး။ ရွှေပြည့်စုံဈေးမှာလည်း ဝယ်မရတာများတယ်။ ပြဿနာက ဒီနေ့ရောင်းပြီးသွားရင် နောက်နေ့ အဲဒီဈေးနဲ့တောင် ပြန်ဝယ်မရတာ” လို့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

ဆေးဝါးလက်ကားဈေးကွက်မှာပါ ဆေးဝါးရရှိမှု မမှန်မကန်ဖြစ်နေပြီး ဆေးတစ်မျိုးကို ဈေးနှုန်းတစ်ခုနဲ့ ဝယ်ယူရောင်းချပြီးနောက် ထပ်မံဝယ်ယူတဲ့အခါ အဲဒီဈေးနှုန်းအတိုင်း ပြန်ဝယ်မရတာကြောင့် ဆေးဆိုင်လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲဖြစ်လာတယ်လို့ သူက ဆိုပါတယ်။

 

ဆေးဝါးပြတ်လပ်မှုကြောင့် သွေးတိုး၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလို နာတာရှည်ရောဂါရှိသူတွေမှာ ပုံမှန်လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူရရှိဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

 

ဒါ့အပြင် သီးစုံဓာတ်ဆားလို အိမ်သုံးဆေးဝါးတွေအပါအဝင် နေ့စဉ်အသုံးများတဲ့ ဆေးဝါးအချို့ကိုပါ ရှာဖွေဝယ်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

 

“ဆီးချိုစစ်ဖို့ လိုအပ်တာ ဘာမှဝယ်မရဘူး။ ဆေးကမှ မြန်မာဆေးပြောင်းသုံးပြီး ထိန်းထားလို့ရဦးမလားလို့ တွေးတယ်၊ အတော်ကိုဆိုးနေပြီ” လို့ ရန်ကုန်မြို့နေ ဆီးချိုရောဂါရှိသူတစ်ဦးက ပြောပါတယ်။

 

အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ ၂၀၂၆ မတ် ၂၃ ရက် ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးကဏ္ဍအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်ပက တင်သွင်းနေရပြီး သွင်းကုန်လိုင်စင်ဆိုင်ရာ အခက်အခဲ၊ ငွေကြေးဈေးနှုန်းအပြောင်းအလဲနဲ့ သယ်ယူပို့ဆောင်ရေးပြဿနာတွေက ဆေးဝါးရရှိမှုအပေါ် သက်ရောက်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်