မဟာစည်ဆရာတော်ဘုရားကြီးရဲ့ မဟာစည်ကျောင်းတိုက်ကို စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲ၊ ဥပုသ်သီလ ဆောက်တည်နေတဲ့ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက သမိုင်းဝင် မဟာစည်ကျောင်းတိုက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဥပုသ်သီလဆောက်တည်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁၁ နာရီ ၄၄ မိနစ်ခန့်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ဖူးတဲ့ မဟာစည်ကျောင်းတိုက်အတွင်းကို လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“တစ်စီးက သုံးလုံးကို ဆက်တိုက်ချတာ။ ညနေကျတော့လည်း တစ်စီးက လာချတာ။ သုံးယောက်လောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေဆိုလည်း ဆိုးတယ်၊ မြင်မကောင်းလောက်အောင်ပဲ။ အခု တခြားနေရာကနေ စစ်ရှောင်လာတဲ့သူတွေလည်း ဆက်ပြီး ထပ်ရှောင်ရတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
ရွှေဘိုမြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်း ဥပုသ်သီလဆောက်တည်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ တခြားဒေသတွေကနေ စစ်ဘေးရှောင်လာသူတွေထဲက ၂ ဦးဟာ ဖြစ်စဉ်နေရာမှာပဲ သေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းတိုက်အတွင်းက ဓမ္မာရုံတွေ၊ ရိပ်သာဆောင်တွေနဲ့ ဇရပ်စောင်းတန်းအပါအဝင် အဆောက်အအုံအများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဆိပ်ခွန်ကျေးရွာဟာ မဟာစည်ဆရာတော် ဦးသောဘနရဲ့ ဇာတိဖြစ်ပြီး အခုဗုံးကြဲခံရတဲ့ မဟာစည်ကျောင်းတိုက်ဟာလည်း ဆရာတော် သီတင်းသုံးခဲ့ဖူးတဲ့ ကျောင်းတိုက်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို သတိပြုကြဖို့၊ လေယာဉ်သံနဲ့ လက်နက်ကြီးသံတွေ ကြားရရင် လုံခြုံတဲ့နေရာတွေကို အမြန်ရွှေ့ပြောင်းခိုလှုံကြဖို့နဲ့ မလိုအပ်ဘဲ လူစုလူဝေးလုပ်တာတွေကို ရှောင်ကြဉ်ကြဖို့ ရွှေဘိုမြို့နယ် ပကဖက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကလည်း ဆိပ်ခွန်ကျေးရွာက တိုက်သစ်ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သင်္ကြန်ကာလအတွင်း ဒုလ္လဘဝတ်နေတဲ့ ကိုရင်ကြီး ၂ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဒဏ်ရာရခဲ့ဖူးပါတယ်။
ဓာတ်ပုံ – ရွှေဘို ပကဖ
