နေထွက်ရင် ရေတင်လို့ရပြီ
“တော်တော်အဆင်ပြေတယ်။ ဆီဒုက္ခ၊ အလုပ်သမားဒုက္ခတွေ အေးသွားတယ်”
အသက် ၆၅ နှစ်ခန့်အရွယ် ဒေါ်မြင့်ကြူက သူမရဲ့ စိုက်ခင်းထဲမှာ ရေသွင်းနေစဉ် ပြောလိုက်တဲ့စကားပါ။
ပိန်ပိန်ပါးပါးကိုယ်ထည်၊ အပြုံးချိုချိုနဲ့ သွက်လက်တက်ကြွတဲ့ ဟန်ပန်ရှိတဲ့ ဒေါ်မြင့်ကြူဟာ စစ်ကိုင်းမြို့နယ်အတွင်းမှာ သံပုရာခြံတစ်ဧကနဲ့ သရက်ခြံ သုံးဧကခန့်ကို ကိုယ်တိုင် ရေတင်၊ ရေသွင်းပြီး စီမံလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။
တချိန်ကတော့ စိုက်ခင်းရေသွင်းဖို့အတွက် လောင်စာဆီသုံး ရေတင်စက်တွေကို အားကိုးခဲ့ရပါတယ်။ စိုက်ခင်းထဲ ရေသွင်းဖို့ ရေတင်စက်ရဖို့၊ လောင်စာဆီရဖို့နဲ့ အလုပ်သမားရဖို့ တစ်ဆင့်ချင်းစီ စီစဉ်ခဲ့ရပါတယ်။
စက်မရတဲ့နေ့၊ ဆီမရတဲ့နေ့ဆိုရင် ရေလိုနေသော်လည်း ရေမတင်နိုင်တဲ့နေ့ ဖြစ်သွားခဲ့တယ်လို့ ဒေါ်မြင့်ကြူက ပြန်ပြောပြပါတယ်။
အခုတော့ အဲဒီအလုပ်တချို့ကို နေရောင်က ကူညီဖြေရှင်းပေးနေပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် မတပ်ဆင်ခင်က ရာသီဥတုနဲ့ မြေခြောက်သွေ့မှုအပေါ် မူတည်ပြီး ခြံတစ်ခင်းလုံးကို ရေသွင်းဖို့ ဒီဇယ် ငါးဂါလံ၊ ခြောက်ဂါလံခန့် ကုန်တတ်ပါတယ်။
ဒီဇယ်တစ်ဂါလံကို ကျပ် ၁၈,၀၀၀၊ ၁၉,၀၀၀ ဝန်းကျင်အထိ ရှိလာတဲ့အခါ ရေတင်စရိတ်ဟာ စိုက်ပျိုးရေးကုန်ကျစရိတ်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
“ကိုယ့်သီးနှံက ဈေးကောင်းနေရင်တမျိုး၊ ကိုယ်ရောင်းတဲ့ဈေးကွက်က မကောင်းသွားရင်တမျိုးပေါ့။ သွားလာရေးစရိတ်တွေနဲ့ ကိုယ့်ဆီက သီးနှံရောင်းရရင် ဈေးကောင်းဘူး။ ကိုယ်ဝယ်သုံးရတာ ဈေးကြီးတော့ အဆင်မပြေဘူး။ အလုပ်သမားစရိတ်၊ ရေတင်ခ၊ ဆီစရိတ်တွေနဲ့ တခြားဆေးစရိတ်တွေက ရှိသေးတော့ ကိုယ့်အတွက် ဘာမှသိပ်မကျန်ဘူးလေ” လို့ နှစ်ပေါင်း ၅၀ ကျော်ရှိတဲ့ သူမရဲ့ တောင်သူအတွေ့အကြုံကို ရှင်းပြပါတယ်။
အခုတော့ သူမရဲ့ခြံထဲမှာ ဒီဇယ်သုံးရေတင်စက်အစား ဆိုလာပြားတွေက နေရောင်ကို လျှပ်စစ်အဖြစ် ပြောင်းလဲပေးပြီး ပေ ၁၂၀ ကျော်နက်တဲ့ အဝီစိတွင်းက ရေကို စုပ်တင်ပေးနေပါတယ်။
နေရောင်ကောင်းတဲ့နေ့တွေမှာ မနက် ၉ နာရီခန့်ကနေ ညနေ ၅ နာရီခွဲခန့်အထိ ရေကောင်းကောင်းတင်နိုင်ပြီး နေကျသွားရင်တော့ ရေထွက်အား လျော့သွားတယ်လို့ သူမက ဆိုပါတယ်။
ဒေါ်မြင့်ကြူအတွက် ဆိုလာစနစ်ဟာ တစ်နေ့တည်းနဲ့ ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။
လျှပ်စစ်မီးရရှိနေစဉ်ကတည်းက မီးပျက်ချိန်တွေမှာ အသုံးပြုဖို့ ဝယ်ထားတဲ့ ဘက်ထရီအိုးကြီးတစ်လုံးနဲ့ အင်ဗာတာ ရှိနေခဲ့ရာက စတင်ခဲ့တာပါ။
၂၀၂၂ ခုနှစ်အစပိုင်းကစပြီး လျှပ်စစ်မီးပြတ်တောက်သွားချိန်မှာ အိုးအိမ်စွန့်ခွာပြီး သူမပိုင်ဆိုင်တဲ့ စိုက်ပျိုးခြံထဲမှာ နေထိုင်ရင်း မီးထွန်းနိုင်ဖို့၊ ဖုန်းအားသွင်းနိုင်ဖို့အတွက် အသေးစားဆိုလာပြားတစ်ချပ်ကို ဘက်ထရီနဲ့ အင်ဗာတာတို့နဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ ဆိုလာစနစ်နဲ့ ရေတင်နိုင်ပြီး အဆင်ပြေတယ်ဆိုတာတွေ ကြားသိရပြီးနောက် ရေတင်စနစ်ကို တိုးချဲ့တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါစနစ်မှာ အဝီစိတွင်းတူးဖော်တာ၊ ရေတင်စက်နဲ့ အခြားတပ်ဆင်စရိတ်တွေအပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျခဲ့ပြီး ဆိုလာပြားခြောက်ချပ်နဲ့ စက်ပစ္စည်းတွေအတွက်တော့ ကျပ်သိန်း ၅၀ ကျော်ကနေ ၆၀ ဝန်းကျင်အထိ ကုန်ကျခဲ့တယ်လို့ ဒေါ်မြင့်ကြူက ရှင်းပြပါတယ်။
ဒါပေမဲ့ ကနဦးရင်းနှီးမြှုပ်နှံမှု မြင့်မားတာကြောင့် စိုက်ပျိုးရေးသုံး ဆိုလာရေတင်စနစ်ဟာ တောင်သူတိုင်းအတွက် လက်လှမ်းမီတဲ့ ရွေးချယ်စရာတော့ မဖြစ်သေးပါဘူး။
ဒေါ်မြင့်ကြူအတွက်တော့ ဆိုလာစနစ်ဟာ ရေတင်စက်တစ်လုံးကို အစားထိုးလိုက်ရုံသာမက ရေသွင်းတဲ့နည်းလမ်းကိုပါ ပြောင်းလဲစေခဲ့ပါတယ်။
အရင်က ခြံတစ်ခုလုံးကို ရေဖြန့်သွင်းခဲ့ရပေမယ့် ဆိုလာနဲ့ ရေသွင်းတဲ့နည်းလမ်းတွေကို သိလာပြီးနောက် နှစ်ရှည်ပင်ဖြစ်တဲ့ သရက်နဲ့ သံပုရာပင်တွေရဲ့ အပင်ခြေကနေ လေးတောင်ခန့်အကွာမှာ စက်ဝိုင်းပုံ မြေဘောင်ခတ်ထားပါတယ်။
အဲဒီမြေဘောင်တွေကို တစ်ပင်နဲ့တစ်ပင်၊ တစ်ဘောင်နဲ့တစ်ဘောင် မြောင်းတွေသွယ်တန်းထားပြီး တစ်ဘောင်ချင်းစီ ရေဖြည့်ပေးပါတယ်။ ဘောင်တစ်ခု ပြည့်သွားရင် နောက်တစ်ဘောင်ကို ရေပြောင်းပေးပါတယ်။
ဒီနည်းလမ်းက အရင်လို ခြံတစ်ခုလုံးကို ရေလွှတ်တဲ့အခါထက် ရေဆုံးရှုံးမှုကိုလည်း လျော့နည်းစေတယ်လို့ သူမက ဆိုပါတယ်။
“ရေတင်ရင်တော့ တစ်ခါတင်ရင် ရေယူရေသွင်းတာနဲ့ လူနှစ်ယောက်ကတော့ အမြဲငှားရတယ်။ ခု အဲဒီအသုံးစရိတ်တွေ သက်သာသွားတယ်။ ဒုက္ခအေးတယ်။ ခုဆို တစ်ယောက်တည်းနဲ့ လုပ်ရင်တောင် ဖြစ်တယ်။ လုပ်လည်းလုပ်နေတာ” လို့ သူမက ပြောပါတယ်။
အရင်က ရေသွင်းရာမှာ အလုပ်သမားနှစ်ဦးခန့် လိုအပ်ခဲ့ပြီး တစ်နေ့တာလုပ်အားခဟာ အမျိုးသားတစ်ဦးကို ကျပ် ၁၆,၀၀၀ ခန့်၊ အမျိုးသမီးတစ်ဦးကို ကျပ် ၁၃,၀၀၀ ခန့် ရှိတယ်လို့ သူမက ပြောပြပါတယ်။
ရာသီဥတုနဲ့ မြေခြောက်သွေ့မှုအပေါ် မူတည်ပြီး တစ်ပတ်ခြား ဒါမှမဟုတ် နှစ်ပတ်ခြား ရေသွင်းရတာကြောင့် အဆိုပါစရိတ်တွေဟာလည်း စိုက်ပျိုးရေးကုန်ကျစရိတ်ထဲက အဓိကအချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။
ဆိုလာစနစ် အသုံးပြုလာပြီးနောက်မှာတော့ အဲဒီစရိတ်တွေကို လျှော့ချနိုင်လာပါတယ်။
“အရင်ကလို ရေတင်စက်တွေက ကိုယ့်ဆီကိုယ်ပိုင်ဆိုတာ နည်းတယ်လေ။ အဲ့တော့ တခါတရံ စက်မရလို့ ကိုယ့်စိုက်ခင်းက ရေလိုနေပေမယ့် ရေမတင်နိုင်တဲ့ ဒုက္ခတွေ၊ ဆီဒုက္ခ၊ အလုပ်သမားဒုက္ခတွတော့ အေးသွားတယ်။ ကိုယ်လိုတဲ့အချိန် ရေသွင်းလိုက်ရုံပဲ။ တော်တော်အဆင်ပြေတယ်” လို့ ဒေါ်မြင့်ကြူက ဆိုပါတယ်။
ဆိုလာစနစ်ကြောင့် သူမ သတိထားမိတဲ့ ပြောင်းလဲမှုတွေထဲမှာ စက်သံဆူညံမှု မရှိတော့တာ၊ ရေလိုတဲ့အချိန်တိုင်း ရေတင်နိုင်တာနဲ့ မိသားစုဝင်တွေနဲ့ပဲ စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်လာတာတို့ ပါဝင်ပါတယ်။
စိုက်ခင်းကနေ အိမ်အထိ
ဒေါ်မြင့်ကြူတစ်ဦးတည်းသာ ဆိုလာစနစ်ကို အသုံးပြုလာတာ မဟုတ်ပါဘူး။
ရွှေဘိုမြို့နယ်အတွင်း ဆိုလာစနစ် အသုံးပြုပြီး စပါးစိုက်ပျိုးနေတဲ့ တောင်သူ ဦးသိန်းကလည်း ရွှေဘိုခရိုင်အတွင်းက စိုက်ပျိုးခင်းတွေမှာ ဆိုလာအကြီးစားစနစ်တွေ တဖြည်းဖြည်း ပိုများလာတယ်လို့ ဆိုပါတယ်။
ဆိုလာအကြီးစားစနစ် တပ်ဆင်ဖို့ ကနဦးကုန်ကျစရိတ်ဟာ ကျပ်သိန်းဆယ်နဲ့ချီ ရှိနိုင်ပေမယ့် ဒီဇယ်သုံးရေတင်စက်တွေနဲ့ နှိုင်းယှဉ်ရင် ရေရှည်လည်ပတ်စရိတ် သက်သာနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိဈေးကွက်အတွင်း ရေနံတစ်ပေပါကို ကျပ် ၁၅ သိန်းကနေ ၁၆ သိန်းဝန်းကျင်အထိ ရှိနေပြီး ဆိုလာစနစ်တပ်ဆင်ထားတာကြောင့် ၁၀ ဧကခန့်ရှိတဲ့ သူ့ရဲ့လယ်ကွင်းတွေအတွက် စိုက်ပျိုးရေးအသုံးစရိတ်ကို လျှော့ချနိုင်လာတယ်လို့ ဆိုပါတယ်။
နေရောင်ရတဲ့အချိန် မနက်ပိုင်းကနေ ညနေ ၄ နာရီ၊ ၅ နာရီခန့်အထိ ဆိုလာနဲ့ ရေတင်နိုင်ပေမယ့် မိုးအုံ့တဲ့နေ့တွေမှာတော့ ရေထွက်အား လျော့ကျတယ်လို့ ဦးသိန်းက ရှင်းပြပါတယ်။
စိုက်ခင်းထဲက ဆိုလာပြားတွေလိုပဲ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားငယ်တွေကိုလည်း စစ်ကိုင်းတိုင်းက ကျေးရွာတွေနဲ့ မြို့ပေါ်နေအိမ်တချို့မှာ တဖြည်းဖြည်း ပိုမြင်လာရပါတယ်။
စစ်ကိုင်းမြို့ခံ မသီတာ (အမည်လွှဲ) က သူတို့နေထိုင်ရာ မြို့ပေါ်ရပ်ကွက်တွေမှာ လျှပ်စစ်မီးဟာ တစ်ရက်ကို အများဆုံး သုံးနာရီ၊ လေးနာရီခန့်သာ ရတတ်ပြီး တစ်ခါတစ်ရံ တစ်ညလုံး၊ တစ်နေ့လုံး မရတဲ့အချိန်တွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဒါကြောင့် နေအိမ်တချို့မှာ မီးထွန်းဖို့ ဆိုလာမီးငယ်လေးတွေကို အသုံးပြုလာကြပါတယ်။
“အရင်က ဓာတ်ခဲမီးသီးတွေ၊ ဖယောင်းတိုင်မီးတွေထက်စာရင် တော်တော်အသုံးဝင်တယ်။ အဲလိုဆိုလာမီးလေးတွေက အဆင်ပြေတယ်။ နေရောင်လေး နည်းနည်းရနေရင်တောင် အားဝင်တယ်” လို့ မသီတာက ပြောပါတယ်။
လတ်တလောဈေးကွက်မှာ ဖယောင်းတိုင်တစ်တိုင်ကိုပင် ကျပ် ၁၅၀ ကနေ ၂၀၀ ဝန်းကျင် ပေးဝယ်နေရတဲ့အခြေအနေမှာ နေရောင်အနည်းငယ်ရုံနဲ့ အားဝင်နိုင်တဲ့ ဆိုလာမီးလေးတွေဟာ ပိုမိုအသုံးဝင်လာတယ်လို့ သူမက ဆိုပါတယ်။
သူမရဲ့အိမ်မှာတော့ လျှပ်စစ်မီးရချိန် မမှန်တာကြောင့် ပညာသင်ကြားနေတဲ့ ကျောင်းသားတွေအတွက် စဉ်းစားပြီး ၂၀၂၃ ခုနှစ်ကစလို့ ဆိုလာစနစ်အကြီးတစ်ခု တပ်ဆင်ခဲ့ပါတယ်။
ဆိုလာပြားခြောက်ချပ်၊ အင်ဗာတာနဲ့ ဘက်ထရီစနစ်တွေအပါအဝင် အိမ်တွင်းပြင်ဆင်မှုတွေအတွက် ကျပ်သိန်း ၁၅၀ ဝန်းကျင် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစနစ်နဲ့ ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာနဲ့ ရေတင်စက်တို့ကို အသုံးပြုနိုင်လာပေမယ့် ဟင်းချက်ဖို့အတွက်တော့ မီးသွေးကို ဆက်လက်အသုံးပြုနေရဆဲ ဖြစ်ပါတယ်။
လူဦးရေများတဲ့ နေအိမ်ဖြစ်တာကြောင့် ကျပ် ၁၈,၀၀၀ ခန့်တန်တဲ့ မီးသွေးတစ်အိတ်ဟာ ပုံမှန်အားဖြင့် ဆယ်ရက်ခန့်သာ ခံပေမယ့် ဆိုလာတပ်ဆင်ပြီးနောက် ထမင်းပေါင်းအိုးကို ဆိုလာနဲ့ အသုံးပြုနိုင်တာကြောင့် မီးသွေးအသုံးပြုမှုဟာ ရက် ၂၀ ကျော်အထိ ခံလာတယ်လို့ သူမက ဆိုပါတယ်။
ဒါပေမဲ့ နေရောင်ဟာ အမြဲတမ်း မတောက်ပတာကြောင့် ဆိုလာက လိုအပ်ချက်အားလုံးကို အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။
“နေမပွင့်တဲ့ရက်တွေ၊ မိုးသည်းကြီးရွာတဲ့ကာလတွေဆိုရင် နေရောင်သိပ်မရတော့ လျှပ်စစ်အား သိပ်မရဘူး။ အဲဒီလိုမျိုးရက်တွေဆိုရင်တော့ အားချွေတာတဲ့အနေနဲ့ ထင်းတို့၊ မီးသွေးတို့ကတော့ အမြဲဆောင်ထားရသေးတယ်” လို့ သူမက ပြောပြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အသုံးပြုနေကြတဲ့ ဆိုလာစနစ်တွေရဲ့ အရွယ်အစားနဲ့ အသုံးပြုနိုင်တဲ့ပမာဏဟာလည်း အိမ်ထောင်စုတစ်စုချင်းစီရဲ့ ဝင်ငွေနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ကွာခြားနေပါတယ်။
အချို့နေအိမ်တွေမှာ ဆိုင်ကယ်ဘက်ထရီအဟောင်းတွေနဲ့ ဆိုလာပြားငယ်တွေကို တွဲဖက်အသုံးပြုပြီး မီးထွန်းတာ၊ ဖုန်းအားသွင်းတာတို့ကိုသာ လုပ်ဆောင်ကြပါတယ်။
အချို့ကတော့ ဆိုလာပြားနှစ်ချပ်၊ သုံးချပ်နဲ့ အင်ဗာတာ၊ ၁၅၀ Ah၊ ၂၀၀ Ah ဘက်ထရီတွေကို တွဲဖက်ပြီး ပန်ကာ၊ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာနဲ့ Wi-Fi အထိ အသုံးပြုလာကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
အိမ်သုံးစနစ်တွေအတွက် စနစ်အမျိုးအစားနဲ့ ဘက်ထရီအပေါ် မူတည်ပြီး ကုန်ကျစရိတ်ကတော့ ကျပ်တစ်သိန်းဝန်းကျင်ကနေ ၁၅ သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းက ဒေသခံတချို့အတွက်လည်း ဆိုလာဟာ လျှပ်စစ်မီးလိုင်း မရရှိတဲ့အခြေအနေမှာ အလင်းရောင်နဲ့ ဖုန်းအားသွင်းဖို့အတွက် အရေးပါတဲ့ အရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။
သေးငယ်တဲ့ ဆိုလာပြား၊ ဘက်ထရီနဲ့ အင်ဗာတာကို တွဲဖက်အသုံးပြုပြီး စစ်ရှောင်နေစဉ် ညဘက်မီးထွန်းတာနဲ့ ဖုန်းအားသွင်းတာတို့အတွက် အသုံးပြုနေပေမယ့် ဆိုလာစနစ်အကြီးတစ်ခု အသုံးပြုနိုင်ဖို့ ကျပ်သိန်း ၆၀ ခန့် ကုန်ကျနိုင်တာကြောင့် မတတ်နိုင်သေးဘူးလို့ စစ်ကိုင်းမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲလောက်ကြီးတော့ မတတ်နိုင်သေးဘူး။ ကောင်းမှန်းတော့သိတယ်၊ မတတ်နိုင်သေးတာ။ ရည်ရွယ်ချက်တော့ ရှိထားပါတယ်” လို့ သူက သူ့ရဲ့အခြေအနေကို ပြောပြပါတယ်။
ထင်းမီးကနေ ဆိုလာအထိ
ကျေးလက်ဒေသတချို့မှာ ဆိုလာရဲ့ အသုံးဝင်မှုဟာ မီးထွန်းတာနဲ့ ရေတင်တာတွေမှာ ရပ်တန့်မနေဘဲ ချက်ပြုတ်ရေးမှာ ထင်းသုံးစွဲမှုကိုပါ အနည်းငယ် လျော့ကျစေပါတယ်။
တန့်ဆည်မြို့နယ်က လူသုံးဦးနေထိုင်တဲ့ အိမ်တစ်အိမ်မှာ ထမင်းဟင်းချက်ဖို့ တစ်ကြိမ်လျှင် လူတစ်ယောက်ရဲ့ လက်ကောက်ဝတ်ခန့်ထူပြီး အရှည် ၂၀ လက်မခန့်ရှိတဲ့ ထင်း ၁၀ ချောင်းခန့် အနည်းဆုံး အသုံးပြုရပါတယ်။
ဒါပေမဲ့ ဆိုလာနဲ့ ထမင်းပေါင်းအိုး အသုံးပြုလာပြီးနောက် ထင်းသုံးစွဲမှုဟာ ထက်ဝက်ခန့် လျော့ကျလာတယ်လို့ ဆိုပါတယ်။
“ထင်းမီးကတော့ မီးခိုးတွေက ကြာရင် အမိုးတွေ၊ နံရံတွေတောင် ကြပ်ခိုးစွဲတယ်။ အသိသာဆုံးက မျက်စိစပ်တာပဲ။ တခါတခါ မီးမွှေးရခက်ရင် မီးခိုးတွေ အူပြီး မျက်စိစပ်တယ်။ မီးမွှေးရင်း ဒီအခိုးအငွေ့တွေ ရှူမိရင် ချောင်းပါဆိုးတယ်” လို့ ထင်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး ကြုံတွေ့ရတာတွေကို သူမက ပြောပါတယ်။
အိမ်သုံးချက်ပြုတ်ရေးအတွက် ဆိုလာလျှပ်စစ်ကို အပြည့်အဝ ပြောင်းလဲအသုံးပြုနိုင်ဖို့ကတော့ လက်ရှိမှာ ကုန်ကျစရိတ်နဲ့ စွမ်းအားလိုအပ်ချက်တို့ကြောင့် အိမ်ထောင်စုအများစုအတွက် မလွယ်ကူသေးဘဲ အဟန့်အတားတစ်ခုလို ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ဆိုလာရေတင်စနစ်
တစ်အိမ်ချင်း၊ တစ်ခြံချင်း ပြောင်းလဲလာနေတဲ့ အခုလို စွမ်းအင်စနစ်အသုံးပြုမှုနောက်ကွယ်မှာ လျှပ်စစ်မီးရရှိမှု မမှန်တာနဲ့ လောင်စာဆီဈေးမြင့်တက်တာတွေအပြင် ရာသီဥတုနဲ့ ရေလိုအပ်ချက်တွေလည်း ပါဝင်နေတယ်လို့ တောင်သူတွေက ဆိုပါတယ်။
ဒေါ်မြင့်ကြူရဲ့ အတွေ့အကြုံအရ ယခင်က မိုးရာသီမှာ အချိန်အခါကို မျှော်ကိုးပြီး စိုက်ပျိုးခြံတွေအတွက် ပြင်ဆင်နိုင်ခဲ့ပေမယ့် မိုးရွာချိန် မမှန်တာ၊ မိုးခေါင်တာနဲ့ အပူချိန်မြင့်တက်တာတွေကို ကြုံတွေ့ရတဲ့နှစ်တွေ ရှိလာတယ်လို့ သူမက ပြောပါတယ်။
“တချို့နှစ်တွေ သီးနှံပေါ်တဲ့အချိန် မိုးမျှော်တဲ့ချိန်တွေ မိုးမရ၊ အဝီစိတွင်းက တင်ဖို့ကျလည်း စက်ကမရနဲ့ ဒုက္ခရောက်။ သရက်သီးတွေဆို ကြွေကျတဲ့အထိပဲ။ အချိန်မတန်သေးဘဲ မှည့်ပြီးကျကုန်တာလေ။ အချိန်မီ ရေမသွင်းနိုင်၊ ရာသီဥတုကပူလို့။ အခုဆိုလာနဲ့ကြတော့ လိုရင် လိုတဲ့အချိန် ရေသွင်းနိုင်သွားတယ်။ အဆင်ပြေသွားတာပေါ့နော်” ဟု သူမက ရှင်းပြပါတယ်။
ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ တောင်သူတွေဟာလည်း ဒေသရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် မိုးခေါင်ဒဏ်ခံနိုင်တဲ့ သီးနှံရွေးချယ်စိုက်ပျိုးမှုနဲ့ စိုက်ပျိုးနည်းလမ်းတွေကို ပြောင်းလဲလာသလို အဝီစိရေတွင်းတွေကိုလည်း ပိုမိုအားကိုးလာရပါတယ်။
ဒါ့အပြင် စက်သုံးဆီအကျပ်အတည်းနဲ့ ရေလိုအပ်ချက်တွေကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်ဖို့ ဆိုလာစနစ်ဟာ တောင်သူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒေါ်မြင့်ကြူ နေထိုင်ရာကျေးရွာမှာလည်း အခုလို ဆိုလာစနစ်ကို ပြောင်းလဲရင်းနှီးမြှုပ်နှံလာသူ ၁၀ ဦးခန့် ရှိလာတယ်လို့ ဆိုပါတယ်။
Germanwatch ရဲ့ Climate Risk Index 2026 အရ ၁၉၉၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ လွန်ကဲရာသီဥတုဖြစ်ရပ်တွေကြောင့် ဖြစ်ပေါ်တဲ့ လူမှုစီးပွားထိခိုက်မှုတွေကို တိုင်းတာထားတဲ့ ရေရှည်အဆင့်မှာ မြန်မာနိုင်ငံကို အဆင့် ၂ မှာ ဖော်ပြထားပြီး ၂၀၂၄ ခုနှစ်တစ်နှစ်တည်းအတွက် အဆင့် ၉ မှာ ဖော်ပြထားပါတယ်။
တောင်သူတွေအတွက်တော့ ရာသီဥတုအခြေအနေကို စောင့်ကြည့်နေရုံထက် ရေလိုတဲ့အချိန်မှာ ရေတင်နိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေထားတာ ဖြစ်ပါတယ်။
ဆိုလာရေတင်စနစ်ကို အသုံးပြုနေတဲ့ ရွှေဘိုမြို့နယ်က ဦးသိန်းကလည်း ဆိုလာရေတင်စနစ် အသုံးပြုရတဲ့ အကြောင်းရင်းကို ရိုးရိုးရှင်းရှင်း ရှင်းပြပါတယ်။
“ဆိုလာက ရေနံသုံးစရာ၊ စက်နှိုးစရာ၊ အသံဆူညံစရာလည်း မလိုဘူး။ တခါဝယ်ရုံနဲ့ ရေရှည်အသုံးခံတယ်ဆိုပြီး သုံးကြတာ” လို့ ဆိုပါတယ်။
စိန်ခေါ်မှုအသစ် ဆိုလာအမှိုက်
သို့သော် ဆိုလာစနစ်ဟာ ပြဿနာအားလုံးကို တစ်ခါတည်း ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။
ကနဦးကုန်ကျစရိတ် မြင့်မားတာ၊ မိုးအုံ့ချိန်မှာ စွမ်းအင်ထုတ်လုပ်မှု လျော့ကျတာတွေအပြင် အသုံးမပြုနိုင်တော့တဲ့ ဆိုလာပြားနဲ့ ဘက်ထရီတွေကို နောက်ဆုံးမှာ ဘယ်လိုစွန့်ပစ်မလဲဆိုတဲ့ ပြဿနာလည်း ရှိနေပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေသူတွေက ဆိုလာပြားနဲ့ ဘက်ထရီတွေဟာ အီလက်ထရောနစ်အမှိုက် (E-waste) စီမံခန့်ခွဲမှုနဲ့ ဆက်စပ်လာမယ်လို့ သတိပေးထားပါတယ်။
“အဓိကကတော့ ဆိုလာတွေကလည်း Electronic Waste မှာ ပါတယ်။ ပြန်လည်အရည်ကြိုလို့ရတဲ့ အစိတ်အပိုင်းတွေကို ပြန်အရည်ကြိုမယ်။ လုံးဝသုံးလို့မရတော့တဲ့ ဘက်ထရီတွေကတော့ သီးသန့်ဖြေရှင်းရမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ E-waste ကို ကောင်းကောင်းကိုင်တွယ်နေတာ မရှိသေးဘူး” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာ E-waste တွေကို သာမန်မြူနီစီပယ်အမှိုက်တွေနဲ့ မရောဘဲ သီးခြားစုဆောင်းပြီး ပြန်လည်အသုံးချနိုင်တဲ့ ပစ္စည်းတွေကို ပြန်လည်ထုတ်ယူကာ အန္တရာယ်ရှိနိုင်တဲ့ အစိတ်အပိုင်းတွေကို သီးခြားစီမံခန့်ခွဲကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဆိုလာပြားနဲ့ ဘက်ထရီတွေ ပျက်စီးသွားတဲ့အခါ စနစ်တကျ စုဆောင်း၊ ပြန်လည်အသုံးချ၊ စွန့်ပစ်နိုင်မယ့် စနစ်ဟာ လုံလောက်စွာ မဖွံ့ဖြိုးသေးကြောင်း ထောက်ပြကြပါတယ်။
ဒေသခံတွေရဲ့ အတွေ့အကြုံတွေကလည်း အဲဒီအချက်ကို ပြသနေပါတယ်။
ဆိုလာပြားပျက်သွားရင် ပြုပြင်ပေးတဲ့ဆိုင်တွေ ရှိပေမယ့် အသုံးမပြုနိုင်တော့တဲ့ ဆိုလာပြားကြီးတွေကို တချို့နေရာတွေမှာ စစ်ရှောင်တဲအကာအဖြစ် ပြန်သုံးတာ၊ စားပွဲအဖြစ် ပြောင်းသုံးတာတွေ ရှိပါတယ်။
ဒါပေမဲ့ စနစ်တကျ စွန့်ပစ်ခြင်း ဒါမှမဟုတ် ပြန်လည်အသုံးချခြင်းအတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ မသိကြသူတွေလည်း များစွာ ကျန်နေသေးပါတယ်။
“ဒီအဆိုလာအပျက်တွေ ပစ်ရင် သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်တယ်၊ Climate Change ကို ဘယ်လိုထိခိုက်စေလဲဆိုတာတော့ မသိဘူး။ ဒီအတိုင်း တခြားပစ္စည်းတွေပစ်သလို ပစ်လိုက်တာပဲ” လို့ တန့်ဆည်မြို့နယ်က ဆိုလာအသုံးပြုသူ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
သူ့စကားတစ်ကြောင်းဟာ ဆိုလာစနစ်အသုံးပြုသူတွေအတွက် လက်ရှိအဓိကလိုအပ်ချက်က စွမ်းအင်ရရှိရေးဖြစ်နေပြီး အဲဒီစနစ်ရဲ့ နောက်ဆက်တွဲ စွန့်ပစ်အမှိုက်အန္တရာယ်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပြီဆိုတာကို ပြသနေပါတယ်။
E-waste တွေကို စနစ်တကျ မစွန့်ပစ်ပါက အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ သတ္တုဓာတ်တွေကြောင့် မြေဆီလွှာ၊ ရေနဲ့ လေထုကို ထိခိုက်စေနိုင်ပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်အပေါ် ရေရှည်သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုကြပါတယ်။
Clean Mountains မှ တာဝန်ရှိသူတစ်ဦးကလည်း ကနဦးဝယ်ယူချိန်မှာ အရည်အသွေးကောင်းတဲ့ ဆိုလာပြားနဲ့ ဘက်ထရီတွေကို ရွေးချယ်ဖို့ အရေးကြီးကြောင်း ပြောပါတယ်။
အရည်အသွေးကောင်းတဲ့ ဆိုလာပြားတွေဟာ ၅ နှစ်ကနေ ၁၀ နှစ်အထိ အသုံးခံနိုင်ပြီး ဘက်ထရီတွေကိုလည်း ပျက်စီးလွယ်မှုနည်းတဲ့ အမျိုးအစားတွေကို ရွေးချယ်သင့်တယ်လို့ သူက အကြံပြုပါတယ်။
“ဆိုလာဆိုလာဆိုပြီး ဈေးကွက်မှာ Trend ဖြစ်နေတဲ့အခါမှာ ရေရှည် Sustainable အတွက်ကြည့်တာမျိုး၊ Quality အတွက်ကြည့်တာမျိုး မဟုတ်ဘဲ ရေတိုရောင်းရရင်ပြီးရောဆိုပြီး Quality နိမ့်တဲ့ပစ္စည်းမျိုးတွေဆိုရင်တော့ အမှိုက်ဘက်မှာ တော်တော်ဖြေရှင်းရခက်မယ့်ဟာမျိုး ဖြစ်သွားနိုင်တယ်” လို့ ဆိုပါတယ်။
ဆိုလာဟာ လောင်စာဆီအပေါ် မှီခိုမှုကို လျှော့ချနိုင်ပေမယ့် ဆိုလာပြားနဲ့ ဘက်ထရီတွေ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းနဲ့ သက်တမ်းကုန်ဆုံးပြီးနောက် စီမံခန့်ခွဲခြင်းတို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်တည်တံ့တဲ့ စွမ်းအင်ပြောင်းလဲမှု ဖြစ်လာနိုင်မယ်လို့ သူက သုံးသပ်ပါတယ်။
မီးမရတဲ့နေရာမှာ နေရောင်နဲ့ ဘဝကို ဆက်လည်ပတ်ခြင်း
တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးရရှိမှုအခြေအနေက အိမ်ထောင်စုတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အခြားရွေးချယ်စရာ စွမ်းအင်ရင်းမြစ်တွေဆီ ပိုမိုတွန်းပို့နေကြောင်း ဒေသခံတွေရဲ့ အတွေ့အကြုံတွေက ဖော်ပြနေပါတယ်။
“ဒီမှာက ၂၀၂၂ ခုနှစ်အစပိုင်းလောက်ကစပြီး လေးနှစ်လောက်ရှိပြီ မီးမရတာ။ အဲဒီတုန်းက စစ်ကြောင်းဝင် မီးရှို့ပြီးနောက် မီးမရတော့တာပဲ။ ဒီဘက်ကိုလာတဲ့ ဓာတ်ကြိုးဆက်ထားတဲ့နေရာတွေကို ဖြတ်သွားတာ” လို့ ဒေါ်မြင့်ကြူက ရှင်းပြပါတယ်။
စစ်ကိုင်းအတွင်းက နေအိမ်တွေနဲ့ စိုက်ခင်းတွေအတွင်းမှာ ဆိုလာပြားတွေ ပိုမိုမြင်တွေ့လာရခြင်းဟာ နည်းပညာအသစ်တစ်ခုကို လူတွေက စိတ်ဝင်စားလာတာထက် နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ စွမ်းအင်ကို ကိုယ်တိုင်ဖြည့်ဆည်းနိုင်ဖို့ ရှာဖွေလာခြင်း ဖြစ်တယ်လို့ ဒေါ်မြင့်ကြူအပါအဝင် ဒေသခံတွေရဲ့ ပြောဆိုချက်တွေက ဖော်ပြနေပါတယ်။
ဒေါ်မြင့်ကြူလို ဒေသခံတွေအတွက် တစ်နေ့တာ လိုအပ်တဲ့ စွမ်းအင်ပမာဏ မတူသလို ဖြေရှင်းနိုင်တဲ့ စနစ်တွေလည်း ကွဲပြားနေပါတယ်။
ဆိုလာပြားတွေဟာ ညဘက်မီးထွန်းပေးဖို့အတွက်သာ မဟုတ်တော့ဘဲ နေ့ခင်းဘက်မှာ စိုက်ပျိုးခင်းအတွက် လိုအပ်တဲ့ရေကိုပါ ဆွဲတင်ပေးနေပါတယ်။
နေ့လယ်နေရောင် ပိုမိုပြင်းလာတာနဲ့အမျှ ဒေါ်မြင့်ကြူရဲ့ စိုက်ခင်းထဲမှာ ရေထွက်ပိုက်ကနေ ရေတွေ ပိုမိုစီးဆင်းလာပါတယ်။
အင်ဂျင်စက်သံ မကြားရတော့ဘဲ ရေဟာ မြောင်းတစ်ခုကနေ တစ်ခုကို တဖြည်းဖြည်း ရွေ့လျားနေပါတယ်။
ပေါက်ပြားတစ်လက်ကို ကိုင်ဆောင်ပြီး မြေဘောင်တစ်ခုနဲ့တစ်ခုကြား ရေစီးလမ်းကို ပြင်ပေးနေတဲ့ ဒေါ်မြင့်ကြူတစ်ယောက်ဟာ နေပူကျဲကျဲကို အံတုရင်း ခပ်သွက်သွက်လေး ပြောလာပါတယ်။
“အခုတော့ နေထွက်ရင် ရေတင်လို့ရပြီ။ အရင်က စက်ရဖို့၊ လူငှားရဖို့နဲ့ ဆီဖိုးကို ဘယ်၍ဘယ်လောက် တွေးနေရတာ…”
သူမရဲ့စကားအဆုံးမှာတော့ အင်ဂျင်စက်သံအစား ရေစီးသံကသာ စိုက်ခင်းထဲမှာ ဆက်လက်ကြားနေရပါတယ်။
