ဖလမ်းနဲ့ ဟားခါးမှာ နေအိမ်ဖောက်ထွင်းခိုးယူမှု ပိုများလာလို့ ဒေသခံတွေ လုံခြုံရေးစိုးရိမ်

Author CJ Platform
Categories
Published on Oct 04, 2026

စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ဖလမ်းနဲ့ ဟားခါးမြို့တွေမှာ လူမရှိတဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံရမှု တစ်ရက်ထက်တစ်ရက် ပိုများလာတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

 

ဖလမ်းမြို့မှာ မြို့ပေါ်တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး စစ်အုပ်စုက မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ဘေးရှောင်တွေ ပြန်လည်ဝင်ရောက်လာချိန်မှာ လူမရှိသေးတဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

“စစ်တပ်က ပြန်ထိန်းချုပ်ပြီး စစ်ဘေးရှောင်တွေ ပြန်ရောက်လာတဲ့အချိန်ကျမှ နေအိမ်တွေမှာ ဖောက်ထွင်းခိုးယူမှုတွေ ဆက်တိုက်ဆိုသလို ပိုဖြစ်လာတာပါ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

မြို့တွင်း လုံခြုံရေးအခြေအနေ မကောင်းတာကြောင့် ဒေသခံတွေဟာ အိုးအိမ်နဲ့ ပစ္စည်းဥစ္စာတွေ အတွက် စိုးရိမ်နေရရုံသာမက ညဘက်အပြင်ထွက်ဖို့ပါ ကြောက်ရွံ့နေရတယ်လို့ အခြားမြို့ခံတစ်ဦးက ဆိုပါတယ်။

 

“ဖလမ်းမြို့ထဲမှာက နေ့ရော၊ ညပါ ပစ္စည်းခိုးခံရတာတွေ ဆိုးလာတယ်။ အခု အရမ်းခက်တာက ညဘက်ဆိုရင် ဘယ်သူမှ အပြင်တောင် မထွက်ရဲကြတော့တာပါပဲ။ ထွက်ရင် စစ်တပ် ဖမ်းဆီးမှာလည်း ကြောက်ရတယ်” လို့ သူက ပြောပါတယ်။

 

အလားတူ ဟားခါးမြို့မှာလည်း နေ့စဉ်နဲ့အမျှ ခိုးယူမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပွားလာပြီး မြို့တွင်း လုံခြုံရေးအခြေအနေအပေါ် ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။

အိုးအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မပျောက်ပျက်စေရေးအတွက် ဒေသခံတွေ အချင်းချင်း သတိပြုစောင့်ကြည့်နေကြရတယ်လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

 

“ဟားခါးမှာက တစ်ရက်ပြီးတစ်ရက်၊ တစ်ညပြီးတစ်ည သူခိုးတွေ ပိုများလာတယ်။ မြို့ထဲမှာ လုံးဝ မလုံခြုံတော့သလို ခံစားနေရပြီး အားလုံးလည်း သတိထားနေကြရတယ်” လို့ ဟားခါးမြို့ခံတစ်ဦးက ဆိုပါတယ်။

 

ဟားခါးမြို့မှာ ဖုန်းဆိုင်ဖောက်ထွင်းခံခဲ့ရသူ ဒေသခံတစ်ဦးကလည်း ဆိုင်အတွင်းက ပစ္စည်းတွေ ခိုးယူခံရတဲ့အပြင် ကျန်ရှိတဲ့ပစ္စည်းတွေကိုပါ ပျက်စီးအောင် ပြုလုပ်သွားတယ်လို့ ပြောပါတယ်။

 

“ဟားခါးမှာ သူခိုးက ခိုးရုံတင် မဟုတ်တော့ဘူး။ ပစ္စည်းတွေ ခိုးသွားတဲ့အပြင် အိမ်ထဲမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုပါ ပြန်မသုံးနိုင်အောင်အထိ ရက်ရက်စက်စက် ဖျက်ဆီးသွားကြတာပါ။ Powerbank တွေဆိုလည်း အကုန်ယူသွားတယ်။ စက်တင်ဘာ ၂၂ ရက်ညက ပြည်တော်သာရပ်ကွက်ဘက်မှာ ဖြစ်သွားတာပါ” လို့ သူက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းကြည့်ရာမှာ ရုန်းတောင်ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေက ကျူးလွန်တာဖြစ်နိုင်တယ်လို့ သိရတယ်ဆိုတဲ့ ဒေသခံရဲ့ ပြောဆိုချက်လည်း ရှိပါတယ်။ သို့သော် အဆိုပါစွပ်စွဲချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

လက်ရှိမှာ စစ်အုပ်စုက ဖလမ်းနဲ့ ဟားခါးမြို့ပေါ်ဒေသတွေကို ထိန်းချုပ်ထားပေမယ့် ခိုးယူမှုနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိတာကြောင့် ချင်းပြည်က ဒေသခံတွေဟာ စစ်ဘေးအပြင် အိုးအိမ်နဲ့ ပစ္စည်းဥစ္စာ လုံခြုံမှုမရှိတဲ့ ပြဿနာတွေကိုပါ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – CJ

CJ