H&M အော်ဒါမတင်တော့လို့ Teng Hui စက်ရုံပိတ်၊ အလုပ်သမား ၂,၀၀၀ ကျော် အလုပ်သစ်ရှာဖွေရေး အခက်အခဲဖြစ်လာ

Author CJ Platform
Categories
Published on Sep 08, 2026

အဓိကဝယ်သူဖြစ်တဲ့ H&M က အထည်အော်ဒါ မတင်တော့တာကြောင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui (Myanmar) သိုးမွှေးစက်ရုံဟာ စက်တင်ဘာ ၂ ရက်ကစပြီး ယာယီပိတ်သိမ်းဖို့ ကြေညာထားပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမားဝန်ထမ်း ၂,၀၀၀ ကျော်ရှိတာကြောင့် စက်ရုံပိတ်သိမ်းမှုနဲ့အတူ အလုပ်သမားတွေအတွက် အလုပ်အကိုင်အသစ် ရှာဖွေရေး အခက်အခဲတွေ ဖြစ်လာနေပါတယ်။

 

စက်ရုံယာယီပိတ်သိမ်းမယ့်အခြေအနေမှာ အလုပ်သမားတွေအတွက် အလုပ်အကိုင်အသစ် ရရှိနိုင်ရေး စက်ရုံအလုပ်ရုံတွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ဦးက စက်တင်ဘာ ၇ ရက် မနက်က ပြုလုပ်တဲ့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ပြောပါတယ်။

 

“ယခုလို စက်ရုံယာယီပိတ်သိမ်းတာဟာ ကုန်ထုတ်စွမ်းအားကျဆင်းသလို အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက်လည်း နစ်နာမှုရှိပါတယ်။ စက်ရုံယာယီပိတ်သိမ်းမယ့် အခြေအနေမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုအလိုက် ရရှိတဲ့ လုပ်ခလစာအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်တွေ စီစဉ်ထားပြီးဖြစ်ပါတယ်။ လှိုင်သာယာ (အရှေ့/အနောက်) မြို့နယ်အတွင်း စက်ရုံနဲ့ လုပ်ငန်းတူ စက်ရုံအလုပ်ရုံတွေက အလုပ်သမားလိုအပ်ချက်တွေကို တောင်းခံထားပြီး အလုပ်သမားတွေရဲ့ အစီအစဉ်ကို သိရှိလိုပါတယ်။ ပြောင်းရွှေ့လုပ်ကိုင်လိုပါက ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

 

အလုပ်သမားတွေရဲ့ လုပ်သက်ခွင့်အကျိုးခံစားခွင့်ကို စက်တင်ဘာ ၂၀ ရက်ကနေ သုံးကြိမ်ခွဲပြီး ထုတ်ပေးသွားမှာ ဖြစ်ပြီး အလုပ်သမားရုံးရဲ့ ချိတ်ဆက်မှုနဲ့ အလုပ်ဝင်မယ့်သူတွေရှိသလို ကိုယ့်အစီအစဉ်နဲ့ကိုယ် အလုပ်ရှာမယ့်သူတွေလည်း ရှိတယ်လို့ အလုပ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လုပ်ခလစာတွေကို စက်တင်ဘာ ၂၀ ရက်တစ်ကြိမ်၊ ၂၅ ရက်တစ်ကြိမ်၊ ၃၀ ရက်တစ်ကြိမ် ထုတ်ပေးသွားမယ်လို့ ပြောတယ်။ အလုပ်သမားရုံးနဲ့ အလုပ်ဝင်မယ့်သူတွေရှိသလို တချို့ကလည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် အခြားစက်ရုံလျှောက်တဲ့သူတွေလည်း ရှိတယ်” လို့ ရှင်းပြပါတယ်။

 

Teng Hui (Myanmar) သိုးမွှေးစက်ရုံမှာ အလုပ်သမားဝန်ထမ်း ၂,၀၀၀ ကျော် ရှိပြီး ကုန်ကြမ်းရရှိမှုအခြေအနေမှာ လုံလောက်မှုမရှိတဲ့အပြင် မှာယူမှု (Order) နည်းပါးလာတာကြောင့် စက်ရုံကို ခေတ္တဆိုင်းငံ့ထားရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စက်ရုံဘက်က တာဝန်ရှိသူတစ်ဦးက အဆိုပါတွေ့ဆုံပွဲမှာ ပြောပါတယ်။

 

NLD အစိုးရလက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ Teng Hui (Myanmar) သိုးမွှေးစက်ရုံဟာ အဓိကဝယ်သူဖြစ်တဲ့ H&M က အထည်အော်ဒါ မတင်တော့တာကြောင့် စက်တင်ဘာ ၂ ရက်ကစပြီး စက်ရုံယာယီပိတ်သိမ်းဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Teng Hui (Myanmar)

 

 

Related News

Depend on news