Fact-Check || ရသေ့တောင်မှာ အရပ်သားတွေကို ဗုံးကြဲပြီး AA အခြေစိုက်စခန်းကို ဗုံးကြဲခဲ့တယ်လို့ စစ်အုပ်စုဝါဒဖြန့်
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာမှာရှိတဲ့ AA အခြေစိုက်စခန်းကို ဗုံးကြဲရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီး စစ်အုပ်စုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့်နေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီနေရာဟာ AA အခြေစိုက်စခန်းမဟုတ်ဘဲ တံငါသည်တွေနဲ့ လယ်သမားတွေနေထိုင်တဲ့ အရပ်သားရပ်ကွက်သက်သက်သာ ဖြစ်နေတာကို တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့က Myanmar National Post (MNP) နဲ့ Naung Taw Lay အစရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့တာပါ။ အဲဒီသတင်းမှာတော့ “ရသေ့တောင် အီအီအကြမ်းဖက်အဖွဲကို ဗုံးကြဲရှင်းလင်း” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုထောက်ခံသူတွေရဲ့ ဝါဒဖြန့်ပိုစ့်
https://ghostarchive.org/archive/fdmfh
ဒီသတင်းကို အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ စစ်အုပ်စုဘက်က သုံးထားတဲ့ ဓာတ်ပုံတွေဟာ အာရက္ခတပ်တော် (AA) သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားတဲ့ ဩဂုတ်လ ၁၇ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအကြောင်းကို Screenshot အနေနဲ့ကူးယူဖော်ပြထားတာဖြစ်တာကိုတွေ့ရပါတယ်။ စစ်အုပ်ကိုယ်တိုင်ရရှိထားတဲ့ ဓာတ်ပုံတွေမဟုတ်ဘဲ AA သတင်းပြန်ကြားရေးက ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေကို အသုံပြုပြီး အရပ်သားနေအိမ်ပျက်စီးမှုပုံတွေကို AA စခန်းပျက်စီးမှုပုံတွေအဖြစ် တိကျတဲ့ သက်သေအထောက်အထား မရှိဘဲ အသုံးချထားတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA) သတင်းပြန်ကြားရေးက ထုတ်ပြန်ချက်
https://t.me/aainfodesk/2097
ဗုံးကျရောက်ခဲ့တဲ့နေရာဟာ အောက်ဇီးကိုင်းကျေးရွာရဲ့ “ချောင်းတစ်ဖက်” လို့ခေါ်တဲ့ အပိုင်းဖြစ်ပြီး အဲဒီနေရာမှာ တံငါသည်တွေပဲ နေထိုင်ကြတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ စစ်ရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံ ဒါမှမဟုတ် အခြေစိုက်စခန်း လုံးဝမရှိဘူးလို့ ရွာသားတွေက အတည်ပြုထားပါတယ်။
“”လက်နက်ကြီးစွာ အောက်ဇီးကိုင်းက ချောင်းတဖက်လို့ ခေါ်ရေ နေရာမှာကျစွာ။ ယင်းနေရာမှာ ပိုက်ချရေလူတိ အများစု နေကတ်ပါရေ။ ရွာမှာတော့ ကြောက်တဝက်၊ လန့်တဝက်နန့် ပျိုးစိုက်နေကတ်တေ။ ယင်းနေရာစွာ စစ်ဖက်နန့် သက်ဆိုင်ရေ နေရာမျိုး မဟုတ်။ အရပ်သားတိကျေးယာ နေကတ်တေ နေရာတစ်ခုပါရာ”” လို့ အသက် (၂၃) နှစ်အရွယ် အောက်ဇီးကိုင်းကျေးရွာသူတစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့၊ မနက်ပိုင်းက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အပြစ်မဲ့အရပ်သား အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနုမှာ နဖူးမှာ ဗုံးစထိမှန်တဲ့ ဒဏ်ရာ ရရှိခဲ့တာပါ။ သူဟာ လယ်ကွင်းထဲမှာ ပျိုးစိုက်နေတဲ့အချိန်မှာ အခုလို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
“သူရို့မှာကျကေ မိသားစု ၃ယောက်ဟိမ့်ရေမလား။ သားချေက ကျကေ ၆ နှစ်လောက်တော့ ဟိမ့်ရေလား မသိ။ သားချေကို ကျကေ မကြီးမသည်ရိုနန့် နောက် တရွာမှာ နေရေ။ သူရို့လင်မယားနှစ်ယောက်ကျကေ ရွာမာ ပျိုးစိုက်ရင်း ချက်တပြက် နေကတ်တေ။ ပျိုးစိုက်နေတုန်းမှာ ဗုံးစ ကျလားခစွာ” လို့ ဒဏ်ရာရသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားထားပါတယ်။
အောက်ဇီးကိုင်းကျေးရွာသားတွေဟာ စစ်ဘေးကြောင့် ရွာကိုစွန့်ခွာပြီး စစ်ရှောင်နေရတာ ၃ နှစ်လောက် ရှိနေပါပြီ။ အခု မိုးရာသီမှာ စပါးစိုက်ပျိုးဖို့အတွက် အသက်အန္တရာယ်ကြားကနေ ရွာကို ခဏပြန်လာပြီး အလုပ်လုပ်နေကြတဲ့အချိန်မှာ စစ်အုပ်စုက အခုလို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်ဗျာ။ အရပ်သားနေအိမ် ၃ လုံးလည်း ပျက်စီးသွားခဲ့ရပါတယ်။
ဒါ့ကြောင့် “ရသေ့တောင် အီအီအကြမ်းဖက်အဖွဲကို ဗုံးကြဲရှင်းလင်း” ဆိုတဲ့ အကြောင်းအရာမှာ လုပ်ကြံဖန်တီးထားတဲ့ ဝါဒဖြန့်သတင်း (Disinformation) ဖြစ်ပါတယ်။
အမှန်မှာ စစ်အုပ်စုဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာနဲ့ လယ်ကွင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲဒီဖြစ်ရပ်ကို ဖုံးကွယ်ဖို့အတွက် AA အခြေစိုက်စခန်းကို ရှင်းလင်းခဲ့တာပါဆိုပြီး သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေတာသာ ဖြစ်ပါတယ်။
အခုလို စစ်ရေးအခြေအနေတွေမှာ အာဏာသိမ်းစစ်အုပ်စုဟာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ပြီးတိုင်း “ရန်သူ့စခန်းတွေကို ရှင်းလင်းတာပါ” ဆိုတဲ့ ပုံစံမျိုးနဲ့ သတင်းတွေ လိမ်ညာထုတ်ပြန်လေ့ ရှိပါတယ်။ ဒါကြောင့် လူမှုကွန်ရက်ပေါ်က သတင်းတွေကို တွေ့ရင် ချက်ချင်းမယုံဘဲ မြေပြင်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ အမြဲတမ်း တိုက်ဆိုင်စစ်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။
