CDM ကျောင်းသားကနေ ရုပ်သံအယ်ဒီတာ ဖြစ်လာသူ

Author CJ Platform
Categories
Published on Aug 24, 2026

သာယာနေတဲ့ မနက်ခင်းတစ်ခုမှာ အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်လူအေးဟာ အဖြူအစိမ်း ဝတ်ဆင်ပြီး သနပ်ခါးများ လိမ်းချယ်ပြီးနောက် နေအိမ်ကနေ စာသင်ကျောင်းဆီ စက်ဘီးနင်းကာ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ 

 

မောင်လူအေးဟာ ကျောင်းနေပျော်သူ တစ်ဦးဖြစ်သလို သူငယ်ချင်း အပေါင်းအသင်းတွေကိုလည်း ခုံမင်သူ တစ်ဦးပါ။

 

ကျောင်းနဲ့အိမ် သူငယ်ချင်းများစွာနဲ့ အချိန်တွေကို ကုန်လွန်ရင်း လူငယ်ဘဝအိပ်မက်တွေကို ဖြတ်သန်းနေတဲ့ မောင်လူအေးဘဝထဲ မြန်မာတစ်နိုင်ငံလုံး ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁)ရက်နေ့ဟာ ရောက်ရှိလာပါတယ်။

 

လူငယ်ပီပီ မတရားမှုကို ငုံ့မခံတတ်သူမို့ စစ်ုအပ်စုရဲ့ အာဏာသိမ်းမှုကို Civil Disobedience Movement (CDM) လုပ်ဆောင်ပြီး မောင်လူအေး တုံ့ပြန်ခဲ့ပါတယ်။

 

CDM ပြုလုပ်သူတွေထဲမှာ မောင်လူအေးရဲ့ ဖခင်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် မောင်လူအေးဟာ ကျောင်းဆက်မတက်တော့ဘဲ ကျောင်းသား CDM ပြုလုပ်ခဲ့သလို ဆန္ဒပြပွဲတွေမှာ ဖခင်နဲ့အတူ ပူးပေါင်း ပါဝင်ခဲ့တာပါ။ 

 

အဲဒီလို ဆန္ဒပြပွဲများ ပြုလုပ်နေရင်း စစ်အုပ်စုက သူတို့ကို လိုက်လံ ဖမ်းဆီးခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်လောက်မှာ ဖခင်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ လေးကေ့ကော်ဆီ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

 

မောင်လူအေးဟာ လေးကေ့ကော်မှာ နေထိုင်စဉ် ကာကွယ်ရေး တပ်ဖွဲ့ထဲ ဝင်ရောက်ချင်ပေမဲ့လည်း အသက်ငယ်လွန်းတဲ့အတွက် ဝင်ရောက်ခွင့် မရခဲ့တာကြောင့် ဖခင်နဲ့အတူ နိုင်ရာကို ကူညီပေးရင်း အားလပ်ချိန်တွေမှာ ကွန်ပျူတာ အခြေခံကို စတင် သင်ယူခဲ့တာပါ။

 

“ဖေဖော်ဝါရီလ ၁၅ ရက်လောက်မှာ အိမ်ကနေ စထွက်ခဲ့တယ်။ အဲဒီကနေ လေးကေ့ကော်ကို ရောက်သွားတယ်။ အဲဒီတုန်းကတော့ စိတ်ထဲမှာ ကျောင်းပြန်တက်ဖို့ ဘာ ခံစားချက်မှ မရှိဘူး။ ဒါပေမဲ့ အဲဒီမှာ နေရင်း နည်းနည်း ကြာလာတော့ သူငယ်ချင်းတွေက ကျောင်းကိစ္စ ဘာညာ ပြောတော့ ကျောင်းပြန်တက်ချင်လာတယ်။ ဒါပေမဲ့ စစ်အစိုးရ ကျောင်းကိုတော့ ဘယ်လောက်ပဲ တက်ချင်နေပါစေ လုံးဝ မတက်နိုင်ဘူးဆိုပြီး ကိုယ့်စိတ်ကို သေချာ ဆုံးဖြတ်လိုက်တယ်။ အဲဒီ သူငယ်ချင်းတွေကိုလည်း အဆက်အသွယ် ဖြတ်လိုက်တယ်” လို့ မောင်လူအေးက ပြောပြပါတယ်။

 

သူဟာ ကွန်ပျူတာ အခြေခံကို သင်ယူနေရင်း အနည်းငယ် တတ်မြောက်လာချိန် သတင်းစာပညာကို ဆက်လက် သင်ယူဖို့အတွက် လုပ်ဆောင်နေဆဲ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့လောက်မှာတော့ စစ်အုပ်စုဟာ အင်အား အလုံးအရင်းနဲ့ လေးကေ့ကော်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာရင်း KNLA ပူးပေါင်းတပ်တွေနဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြန်ပါတယ်။

 

အဲဒီလို ထိတွေ့တိုက်ပွဲတွေကြောင့် မောင်လူအေးဟာ သူ့ရဲ့ ဖခင်နဲ့အတူ ထပ်မံ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ စစ်ဘေးတိမ်းရှောင်နေချိန်မှာလည်း သူတို့ ရှောင်တိမ်းနေတဲ့ နေရာဟာ လုံခြုံမှု မရှိတော့တာကြောင့် ကရင် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က သူတို့ကို မြဝတီမြို့နယ်၊ ဖလူးကျေးရွာ၊ ပလောတပို့ဘက်ဆီ ကားနဲ့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

 

“အဲဒီမှာ စစ်ရှောင်နေရတဲ့ အချိန်က ကိုယ့်ကိုယ်ကိုယ် သေလူလိုပဲ သဘောထားတော့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နေတဲ့နေရာမှာ အပင်တွေတောင် မရှိဘူး။ စစ်အုပ်စုက လေယာဉ်နဲ့ လာကြဲရင် အကုန်သေမှာ။ သောက်စရာ ရေလည်း မရှိဘူး၊ စားစရာလည်း မရှိဘူး။ တောထဲမှာ ကိုယ့်ဟာကို ရှာစားရတယ်။ အဲဒီတုန်းကဆို ကျွန်တော် အိမ် အရမ်းပြန်ချင်ခဲ့တယ်” လို့ မောင်လူအေးက ဆိုထားတာပါ။

 

အဲဒီနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်လောက်မှာတော့ မောင်လူအေးဟာ ဖခင်နဲ့အတူ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ဆီ ရောက်ရှိလာခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ဆီ ရောက်ရှိချိန်မှာတော့ သူ့နဲ့ ရွယ်တူတွေ ကျောင်းသွားနေတာကို မြင်တွေ့ခဲ့ရတာကြောင့် မောင်လူအေးတစ်ယောက် စိတ်ဓာတ်ကျပြီး အခန်းအပြင်ကိုပင် မထွက်တော့ပါဘူး။

 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆီ ရောက်ရှိပြီးနောက် မောင်လူအေးဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိခင်ကိုလည်း လွမ်းတာကြောင့် ငိုကြွေးခဲ့သလို စာသင်ကြားနေကြတဲ့ ကျောင်းသားတွေကို မြင်တွေ့လိုက်ရတဲ့ အချိန်တွေမှာလည်း ကျောင်းတက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

 

ခုလို စိတ်မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ မောင်လူအေးကို သူ့ရဲ့ ဖခင်က သတင်းစာဆရာ တစ်ဦးနဲ့ ချိတ်ဆက်ပြီး သူ့ရဲ့ သားကို သတင်းစာပညာ သင်ကြားပေးဖို့အတွက် အကူအညီ တောင်းခံခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် မေလလောက်မှာတော့ မောင်လူအေးဟာ သတင်းစာပညာကို သင်ယူခဲ့တာ ဖြစ်ပါတယ်။

 

သတင်းစာပညာကို သင်ယူနေရင်း ရုပ်သံထုတ်လုပ်မှုဘက်ကို ပိုမို စိတ်ဝင်စားတာကြောင့် မောင်လူအေးဟာ သတင်းစာပညာကို အခြေခံလောက်သာ သင်ယူပြီး ရုပ်သံဘက်ကို အဓိကထား သင်ကြားခဲ့ပါတယ်။ 

 

သတင်းရုပ်သံတွေကို သင်ယူနေရင်း အနည်းငယ် တတ်မြောက်ပြီးနောက် မဲဆောက်မြို့ဘက်မှာ စစ်အုပ်စု အာဏာသိမ်းလို့ ရှောင်တိမ်းလာရတဲ့ အနယ်နယ်အရပ်ရပ်က လူငယ် အစုအဖွဲ့တွေအတွက် မီဒီယာ အတတ်ပညာတွေ မျှဝေတဲ့ နေရာတစ်ခုဆီ ရောက်ရှိခဲ့တာပါ။

 

အဲဒီဆီ ရောက်ရှိပြီးတဲ့နောက် မောင်လူအေးဟာ လက်တွေ့ ပါဝင် သင်ယူခွင့် ရရှိခဲ့ပြီးနောက် Video Editing အပိုင်းကို သေချာ လေ့လာ သင်ယူခဲ့ပါတယ်။ သူဟာ အဆိုပါ Video Editing ကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူပြီးနောက်မှာတော့ ၂၀၂၄ ခုနှစ်လောက်မှာ လူငယ်တွေ စုဖွဲ့ထားတဲ့ သတင်းမီဒီယာတိုက် တစ်ခုမှာ Video Editor တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

“သတင်းတွေ ကျွန်တော် ရေးကြည့်သေးတယ်။ ကျွန်တော်နဲ့ အဆင်မပြေဘူး။ ကျွန်တော်က တစ်ဖက်လူကို သတင်းမေး မရဲဘူး။ အားနာတာလား၊ ဘာလားတော့ မသိဘူး။ ကျွန်တော်လည်း ပြောမတတ်ဘူး။ နောက်ပြီးတော့ ကျွန်တော်က မသိတဲ့လူတွေနဲ့ စကား အများကြီး ပြောမတတ်ဘူး။ အဲဒီတော့ ကျွန်တော့်ကို သင်ပေးတဲ့ဆရာက ပြောတယ်။ တစ်ခုခု ရွေးပေါ့နော်၊ Video ဘက်ကို သွားမှာလား၊ သတင်းထောက်ပဲ ဆက်လုပ်မလားဆိုတော့ ကျွန်တော် Video ဘက်ကိုပဲ ရွေးလိုက်တယ်။ ကျွန်တော်လည်း Video တွေကို Edit ရတာ ဝါသနာပါတယ်” လို့ မောင်လူအေးက ရှင်းပြပါတယ်။

 

မောင်လူအေးဟာ အခုချိန်မှာတော့နိုင်ငံရေးအခက်အခဲတွေကြားထဲကနေ နိုင်ငံရပ်ခြားမှာခိုလုံနေထိုင်ရင်း နဲ့ အလုပ်အကိုင်အခွင့်အလမ်း ၊ ပညာရေးအခွင့်အလမ်း ၊ အသက်မွေးဝမ်းကြောင်း ပညာအခွင့်အလမ်းတွေကို ရယူကျော်ဖြတ်ရင်း နဲ့ ကိုယ့်လိုဘဝတူ တိမ်းရှောင်လာတဲ့ ကျောင်းသားလူငယ်တွေကိုလည်း ကိုယ်သိတတ် ခဲ့တဲ့အတတ်ပညာတွေကို မျှဝေရင်း နေ့စဉ်ဘဝကိုဖြတ်သန်းနေပါတယ်။

 

နိုင်ငံအေးချမ်းသွားတဲ့အချိန်မှာတော့ နေရပ်ပြန်ဖို့ကြိုးစားကြတဲ့အခါ အဖြစ်အချင်ဆုံး နဲ့ အမျှော်လင့်ဆုံးဆန္ဒကတော့ အကယ့်ဒမစ်ပညာတတ်တစ် ယောက်အဖြစ်နဲ့ ကိုယ့်ဒေသဖွံ့ဖြိုးရေးမှာ တက်သိပညာရှင်လူငယ်တစ်ယောက်အနေနဲ့ပါဝင်သွားဖို့  အဲဒီစိတ်ဆန္ဒတွေ နဲ့ နေ့စဉ်ဘဝတွေကိုဖြတ်သန်းနေပါတယ်။

 

CJ 003