ဆုံဆည်းမြိုင်နဲ့ သေ့ဘောဘိုးမှာ သစ်တောတွေ ပြုန်းတီးလာလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်


ကရင်ပြည်၊ မြဝတီမြို့နယ် တောင်ဘက်ရှိ သေ့ဘောဘိုး၊ တောင်နီ၊ ဝါးမီထနဲ့ အထက်ဆုံဆည်းမြိုင် စတဲ့ နယ်စပ်ကျေးရွာတွေမှာ မြေနေရာသစ်တွေ ဖော်ထုတ်တာနဲ့ အဆောက်အအုံသစ်တွေ ဆောက်လုပ်လာတာတွေကြောင့် သစ်တောပြုန်းတီးမှုတွေ မြင့်မားလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ လများအတွင်း အဆိုပါ နယ်စပ်ဒေသ တောတောင်များရှိ သစ်ပင်များကို စက်ယန္တရားကြီးတွေနဲ့ ခုတ်ထွင်ရှင်းလင်းကာ မြေနေရာကျယ်တွေ ဖော်ထုတ်လာတာဖြစ်ပြီး ယခင်က စိမ်းလန်းခဲ့တဲ့ သစ်တောဧရိယာ အများအပြားမှာလည်း မြေကွက်လပ်များအဖြစ်ဆီ လျင်မြန်စွာ ပြောင်းလဲသွားခဲ့တာပါ။

 

“ဒီဘက်မှာ အဆောက်အအုံတွေ တိုးလာတော့ သစ်တောတွေ အများကြီး ပြုန်းသွားတယ်။ တောပြုန်းရင် မိုးရာသီမှာ မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်မှာကို စိုးရိမ်ရတယ်။ သောင်ရင်းမြစ်ထဲကိုလည်း အမှိုက်နဲ့ စက်သုံးဆီ ညစ်ပစ်ရေတွေ စီးဝင်မှာ စိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

 

အဆိုပါ ဒေသတွေဟာ စိုက်ပျိုးရေးဖြစ်တဲ့ ပြောင်း၊ စပါး၊ ပဲတို့နဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတာ ဖြစ်ပါတယ်။

 

ဒါ့ပြင် အဆိုပါ ဒေသဟာ သောင်ရင်းမြစ်ဝှမ်း ဂေဟစနစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သစ်တောတွေ ပြုန်းတီးလာပါက ရာသီဥတု ပြောင်းလဲတာ၊ မြေဆီလွှာ တိုက်စားပြီး ရေအရင်းအမြစ်တွေ ညစ်ညမ်းတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုမှု အန္တရာယ်တွေ ပိုမိုမြင့်မားလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်သူတွေက ထောက်ပြထားကြတာပါ။

 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်သူ တစ်ဦးကလည်း “ဒေသတစ်ခုနဲ့တစ်ခု လူဦးရေတွေက များသထက် များလာတယ်။ လူဦးရေ များလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောတွေကိုလည်း ပိုမိုခုတ်ထွင်လာကြတယ်။ အဲဒီလို ခုတ်တာများလာတော့ ပိုပြီး ထိန်းသိမ်းရမှာဖြစ်သလို၊ ဒီလောက် အသိပညာ ဗဟုသုတပေးနေတာတောင် သစ်တောတွေက နည်းသထက် နည်းလာတယ်၊ ပါးသထက် ပါးလာတယ်။ ကျွန်တော်တို့က သဘာဝတရားကို မှီတင်းနေထိုင်ရတာဖြစ်လို့ သဘာဝပတ်ဝန်းကျင် မရှိရင် အသက်မရှင်နိုင်ဘူး၊ နေစရာမရှိဘူး၊ သောက်စရာရေနဲ့ စားစရာတွေ မရနိုင်တော့ပါဘူး” လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။

 

နယ်စပ်ဒေသအတွင်း စနစ်တကျ မဟုတ်တဲ့ မြေပြင်အပြောင်းအလဲတွေနဲ့ အဆောက်အအုံ တိုးချဲ့မှုတွေကြောင့် ရေရှည်မှာ အနီးဝန်းကျင်ရှိ ကျေးရွာတွေရဲ့ စိုက်ပျိုးရေးနဲ့ သောက်သုံးရေ အရင်းအမြစ်တွေကိုပါ ဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်း သိရပါတယ်။

 

CJ 001