ဇူလိုင်လ နောက်ဆုံးပတ်အထိ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာခြင်းနဲ့ လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဒီကနေ့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှ စတင်ပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် ၁၂ ခုမှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မိုးကြီးနိုင်တဲ့ ဒေသတွေအနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း သိရပါတယ်။
CJ Platform ရဲ့ မိုးလေဝသ ခန့်မှန်းချက်တွေအရလည်း ဒီကနေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယကမ်းရိုးတန်းမှာ လေဖိအားနည်းဆဲလ် တစ်ခု အားကောင်းနေပြီး အနောက်တောင် မုတ်သုံလေကလည်း ရေခိုးရေငွေ့တွေနဲ့အတူ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို စီးဝင်နေတာ တွေ့ရပါတယ်။
ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာ ဖိလစ်ပိုင်ပင်လယ်ပြင်အနီးမှာ ဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်းဟာလည်း အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားကာ တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက်လာနိုင်တဲ့အတွက် အဆိုပါ ကုန်းတွင်းလေဖိအားနည်းစနစ်တွေကြောင့် လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ အားကောင်းနေဦးမှာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်း ၆ နာရီခွဲ တိုင်းထွာချက်တွေအရ လက်ရှိ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံ မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် မိုးဇလက အသိပေးထားပါတယ်။ အလားတူပင် ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်အလိုကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တာကြောင့် ကြိုတင် သတိပြုကြဖို့နဲ့ ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ရေး ပြင်ဆင်ထားကြရန် နှိုးဆော်ထားပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေအနေဖြင့် ရေကြီးရေလျှံမှုတွေကိုလည်းကောင်း ကြိုတင် သတိပြုကြရန် လိုအပ်ပြီး ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြု သွားလာကြဖို့ လိုအပ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဖားကန့်တွင် ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးနစ်မြုပ်နေပုံ
