အာဆီယံအစည်းအဝေးသို့ SCEF အိတ်ဖွင့်ပေးစာပို့ စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်စရန် တောင်းဆို
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ဆီကို လိပ်မူပြီး ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့ (၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အရေးကြီး အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပနေတဲ့ အဆိုပါ အစည်းအဝေးဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုအတွက်ပါ လွန်စွာအရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့အကျပ်အတည်းကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီအင်အားစုတွေနဲ့ သက်ဆိုင်သူတွေအားလုံး အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါတယ်။
ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အရေး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံရာမှာလည်း တိုင်းတာနိုင်သော ရလဒ်တွေအဖြစ် သတ်မှတ်အကဲဖြတ်ဖို့အတွက် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရေး၊ အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ရောက်ရှိရေး စတဲ့အချက်တွေကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေး၊ မြန်မာပြည်သူများ ဦးဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ထွန်းမှုကို ဒေသတွင်းနဲ့ နိုင်ငံတကာ စောင့်ကြည့်အကဲဖြတ်မှု ယန္တရားများဖြင့် ပံ့ပိုးပေးရေး စတဲ့အချက်တွေကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာရန် ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုရဲ့ အဆင့်မြင့်အရာရှိတွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို ပြန်လည်စတင်ဖို့နဲ့ စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားတွေကို အဆင့်ဆင့် တိုးမြှင့်ပေးဖို့ကိုလည်း SCEF က ထည့်သွင်း တိုက်တွန်းထားပါတယ်။
