လေပွေလှိုင်း မုတ်သုံလေအားကောင်းမှုကြောင့် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုသတိပြုရန်လို

Published on Aug 24, 2022

မုတ်သုံလေအားကောင်းမှုနှင့် အရှေ့ဖက်မှလာသည့် လေပွေလှိုင်းကြောင့် မိုးသည်းထန်ခြင်းနှင့် ရေကြီးရေလျှံမှုကို သတိပြုရန်လိုအပ်နေကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအ သင့်အတင့် ရှိနေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံအပြားမိုးထစ် ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီးတွင်နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အရှေ့ဖက်မှလာသော လေပွေလှိုင်းများနှင့် မုတ်သုံလေအားအလွန်ကောင်းမှုကြောင့် မြ်န်မာနိုင်ငံနေရာအနှံအပြားတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိသည်။

မိုးများမှုနှင့်အတူ မြစ်ရေမြင့်တက်လာမှုကြောင့် မွန်ပြည်နယ်ရှိမြိုနယ်အချိုတွင် ရေကြီးရေလျှံမှုအန္တရာယ်ကို ကြုံတွေ့ခံစားနေရသည်။

လက်ရှိ၌ အရှေ့ဖက်မှလာသည့် လေပွေလှိုင်းနှင့် မုတ်သုံလေအားအလွန်ကောင်းနေသည့် အတွက် ရန်ကုန်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိသည်။

“အရှေ့ဖက်ကလာတဲ့လေပွေလှိုင်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ကမ်းရိုးတန်းတစ်လျှောက် ၊ မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ ဩဂုတ်လ ၁၉ ရက် ၂၀ ရက်အထိ လေပြင်းများကျရောက်ပြီး မိုးသည်းထန်နေပါမယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။

ဇွန်လမှ စက်တင်ဘာကာလသည် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြို တောင်ပြိုမှုများဖြစ်ပွားသည့် ကာလဖြစ်ပြီး သြဂုတ်လတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်အလွယ်ဆုံးနိုင်ငံ၌ပါဝင်ပြီး ပြင်းထန်လွန်ကဲသည့်မိုးလေဝသအခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ကို အချိန်မရွေးကြုံတွေ့နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။

ရေကြီးရေလျှံမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ စိုက်ပျိုးသီးနှံပျက်စီးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများကို မြန်မာနိုင်ငံအနေဖြင့် နှစ်စဥ်ခံစားရလျက်ရှိသည်။

လက်ရှိ မွန်ပြည်နယ်၌ ရေကြီးရေလျှံမှုကြုံတွေ့နေရသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီမှ ကူညီပေးမှုမရှိပဲ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများမှကိုယ်ထူကိုယ်ထဖြင့်သာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။