စစ်အုပ်စုကျောင်းတွေမှာ အပ်နှံထားတဲ့ ကလေးတွေကို ပြန်ခေါ်ဖို့ ဖိအားပေးပြောဆိုမှုတွေကြောင့် မင်းကင်းမြို့နယ်ရှိ ဒေသခံမိဘတွေ အခက်တွေ့နေ

Author CJ Platform
Categories
Published on Jun 13, 2026

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်အုပ်စုထိန်းချုပ်မှုအောက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကလေးငယ်တွေကို မိဘတွေအနေနဲ့ ပြန်လည်ခေါ်ယူဖို့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးပြောဆိုမှုတွေ ရှိနေတာကြောင့် ကျောင်းသားမိဘတွေနဲ့ ဒေသခံရွာသားတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

မင်းကင်းမြို့နယ် ဒေသခံကျောင်းသားမိဘတွေက ကလေးငယ်တွေကို ကလေးဝ၊ ကလေးနဲ့ မင်းကင်းမြို့နယ်တွေမှာရှိတဲ့ ကျောင်းတွေမှာ အများဆုံး သွားရောက်ထားကြတာဖြစ်ပြီး၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တချို့က ရွာခံကျောင်းသားမိဘတွေကို ပြန်လည်ခေါ်ယူဖို့ ပြောဆိုတာတွေ ရှိလာတယ်လို့ သိရပါတယ်။

 

“ရွာကျောင်းကျတော့လည်း ဆရာကောင်းတာ ငှားမပေးဘူး။ သူတို့ငှားပေးတဲ့သူတွေနဲ့ပဲ သင်ခိုင်းတာ။ CDM ဆရာမလည်းမပါဘူး၊ ၉ တန်း၊ ၁၀ တန်းအောင်တွေကို သင်ခိုင်းတာ။ အဲဒါကြောင့် ကလေးတွေကို ပြန်မခေါ်ချင်ကြဘူး” လို့ မင်းကင်းမြို့နယ် ဒေသခံကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေကို ကျေးရွာဆီ ပြန်လည်မခေါ်ယူလိုကြတဲ့ အဓိကအကြောင်းအရင်းကတော့ ကျေးရွာအတွင်း ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းအချို့မှာ ပညာရေးအရည်အသွေး အားနည်းနေခြင်းကြောင့်ဖြစ်ပြီး၊ စစ်ရေးအခြေအနေတွေကြောင့် ကာလရှည်ကြာ ကျောင်းပိတ်ထားရတဲ့အခါ သားသမီးတွေရဲ့ ပညာရေးနောက်ကျကျန်ခဲ့မှာကို စိုးရိမ်တာကြောင့်လို့ သိရပါတယ်။

 

မနေ့က ဇွန်လ ၁၂ ရက်နေ့မှာဆိုရင်လည်း မင်းကင်းမြို့နယ် ရွာဘကျေးရွာအတွင်းက စစ်အုပ်စုကျောင်းတွေမှာ ကျောင်းအပ်နှံပေးထားတဲ့ ကျောင်းသားမိဘတွေကို ခေါ်ယူပြီး၊ သားသမီးတွေကို ပြန်လည်ခေါ်ဖို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ဒေသခံရွာသားတစ်ဦးကလည်း “ကျောင်းသားတွေကတော့ ကျောင်းတက်နေပြီ။ ရွာက ပသုံးလုံး (ပကဖ၊ ပအဖ၊ ပစဖ) အဖွဲ့ကတော့ ၇ ရက်အတွင်း ပြန်ခေါ်ရမယ်တဲ့။ မခေါ်ရင် အိမ်ခြံမြေသိမ်းမယ်၊ ရွာလည်း မနေရဘူးလို့ ပြောတာ” လို့ CJ Platform ကို ပြောပါတယ်။

 

ရွာဘကျေးရွာမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းကလည်း ကျောင်းသားမိဘတွေကို ခေါ်ယူပြီး အခုလို စစ်အုပ်စုပညာရေးယန္တရားမှာ ကလေးတွေကို မထားရှိဖို့၊ ကျောင်းမအပ်ကြဖို့ အလားတူ အစည်းအဝေးတစ်ခုပြုလုပ်ပြီး သတိပေးခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာ မင်းကင်းမြို့နယ်က ကျေးရွာတချို့မှာ ဒေသခံတော်လှန်ရေးအဖွဲ့တွေ ဦးစီးဖွင့်လှစ်ပေးထားတဲ့ ကျောင်းတွေမှာ စီမံပေးထားတဲ့ ဆရာ၊ ဆရာမတွေနဲ့သာ ပညာသင်ကြားဖို့ လိုလားနေပေမယ့်၊ မိဘတွေကတော့ ကလေးတွေရဲ့ ရှေ့ရေးအတွက် စိုးရိမ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တချို့ကြားမှာ သဘောထားကွဲလွဲမှုတွေ၊ အခက်အခဲတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC