ကျောင်းထွက်လက်မှတ် ထုတ်မပေးလို့ ကျောင်းပြောင်းအပ်မယ့် မိဘတွေ အခက်တွေ့နေ
စစ်အုပ်စုရဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းထွက်လက်မှတ် ထုတ်မပေးတာကြောင့် တခြားကျောင်း ပြောင်းမယ့် ကျောင်းသားတွေ ကျောင်းအပ်မရတာမျိုးတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ကျောင်းသားတချို့အနေနဲ့ အခြေအနေအရ ကျောင်းပြောင်းဖို့ရှိနေချိန်မှာ လက်ရှိတက်ရောက်ခဲ့တဲ့ ကျောင်းကနေ ကျောင်းထွက်လက်မှတ် ထုတ်မပေးတာကြောင့် နောက်တက်မယ့်ကျောင်းမှာ အပ်မရဘဲ ဖြစ်နေတာလို့ ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ်က ကျောင်းသားမိဘတစ်ဦးက “ကျောင်းထွက်လက်မှတ် ထုတ်ပေးလို့မရသေးဘူးလို့ပဲ ပြောနေတာ။ တချို့ဆို တခြားတစ်နေရာ အိမ်ပြောင်းသွားတော့ အဝေးကနေလာပြီး ကျောင်းထွက်လက်မှတ် လာယူရတာ။ ထုတ်မပေးသေးဘူးဆိုလို့ အခေါက်ခေါက်အခါခါ လာစောင့်နေကြရတာ တွေ့တယ်” လို့ ပြောပါတယ်။
စစ်အုပ်စုက အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်နှုန်း အရင်ကထက် တိုးမြှင့်စေဖို့နဲ့ ကျောင်းထွက်နှုန်း နည်းရမယ်ဆိုပြီး မူဝါဒချထားတာရှိတာကြောင့် ကျောင်းထွက်လက်မှတ် ထုတ်ပေးဖို့ တွန့်ဆုတ်နေတဲ့သဘော ဖြစ်နေတာလို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တချို့ကျောင်းတွေက အရင်နေခဲ့တဲ့ကျောင်းရဲ့ ထောက်ခံစာပါရင် ကျောင်းအပ်လက်ခံပေးတာရှိသလို လက်မခံတဲ့ကျောင်းတွေလည်းရှိပြီး ထောက်ခံစာကို ကျောင်းတိုင်းက မထုတ်ပေးဘဲ ကျင့်သုံးပုံအမျိုးမျိုး ကွဲလွဲမှုတွေ ရှိနေတာလို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။
အခြေခံပညာကျောင်းတွေမှာ မေလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံနေတာဖြစ်ပြီး ကျောင်းပြောင်းမယ့်သူတွေ အရင်တက်ခဲ့တဲ့ကျောင်းဆီက ကျောင်းထွက်လက်မှတ် မရတာကြောင့် နောက်တက်မယ့်ကျောင်းမှာ ကျောင်းအပ်မရဖြစ်နေကာ သတ်မှတ်ရက်ကျော်လို့ လက်မခံတော့မှာကို စိုးရိမ်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ဒါ့အပြင် တချို့ကျောင်းတွေမှာ ကျောင်းအပ်ရင် မြို့နယ်ဆေးရုံဆီက ကျန်းမာရေးထောက်ခံစာ ပါရမယ်ဆိုပြီး သတ်မှတ်ထားတာကြောင့် တကူးတက ထောက်ခံစာ သွားယူနေကြရတယ်လို့လည်း မှော်ဘီမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။
“ကျန်းမာရေးထောက်ခံစာသာ ယူခိုင်းတာ၊ ဘာမှလည်း စစ်ဆေးတာမရှိဘူး။ ဆေးရုံတံဆိပ်တုံး၊ လက်မှတ်နဲ့ ထောက်ခံစာစာရွက်ယူ၊ အလှူငွေထည့်ပြီး ပြန်လာရတာ။ ရှေ့မှာ ထောက်ခံစာလာယူတဲ့ ကျောင်းသားမိဘတွေ အများကြီးပဲ။ ဘာမှလည်းမဟုတ်ဘဲ အလုပ်ပိုအောင် လုပ်တာ” လို့ သူက ပြောပါတယ်။
အခုနှစ်မှာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ဖွင့်သွားမှာဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက်ရောက်တဲ့နှုန်း တိုးအောင် စစ်အုပ်စုက စည်းရုံးနေတာတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – Pro-SAC
