နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အုပ်စု တပ်စွဲထားတဲ့ ကျောက်လုံးကြီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာရီချောင်းမကြီးဘေးမှာရှိတဲ့ ကျောက်လုံးကြီးကျေးရွာအတွင်း နှစ်ပေါင်း ၂၀ ကျော် အခြေချတပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ကျောက်လုံးကြီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ကျောက်လုံးကြီးတပ်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မေလ ၂၉ ရက် ညနေ ၄ နာရီခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ ဗျူဟာအမှတ် ၁ ရဲ့ ဦးဆောင်မှုနဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း ၇ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတပ်စခန်းဟာ စစ်အုပ်စုရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) ဗျူဟာက နှစ်ပေါင်း ၂၀ ကျော်ကြာ အခြေစိုက်တပ်စွဲထားတဲ့ စခန်း ၁ ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအတွင်း KNLA တပ်မဟာ ၄ နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက စစ်အုပ်စုရဲ့ “အောင်သာဝရစခန်း” ကို သိမ်းပိုက်စဉ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ဖူးတယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းမှာ အဲဒီ “လယ်ဖဒို (ကျောက်လုံးကြီး)” စခန်းမှာ စစ်အုပ်စုရဲ့ ခမရ (၄၃၃) တပ်ရင်းက အင်အား ၈၀ ကျော်နဲ့ ဗျူဟာကာကင်း ၁ ခုအနေနဲ့ ပြန်လည်ဝင်ရောက်တပ်စွဲ အခြေပြုခဲ့တာဖြစ်တယ်လို့ KNU က ဆိုပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်က လက်ရှိစစ်ဆင်ရေးတိုက်ပွဲအတွင်း အသက်နဲ့ခန္ဓာ ပေးဆပ်ခဲ့ကြတဲ့ တော်လှန်ရေးသူရဲကောင်းတွေနဲ့ ပြည်သူလူထုတွေ၊ အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ပြည်သူတွေအပြင် ရဲရဲဝံ့ဝံ့ ကြိုးစားအားထုတ်ပေးဆပ်ခဲ့ကြတဲ့ ခေါင်းဆောင်တွေနဲ့ စစ်သည်တော်အားလုံးကို အသိအမှတ်ပြု တန်ဖိုးထားဂုဏ်ပြုတယ်ဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KNU
