ကျောင်းပြင်ပရောက် မူလတန်းနဲ့ အလယ်တန်းကျောင်းသားများ ကျောင်းပြန်တက်ရန် ခေါ်ယူသော်လည်း ကန့်သတ်ချက်များကြောင့် မိဘများ အခက်တွေ့

Author CJ Platform
Categories
Published on May 21, 2026

အာဏာသိမ်းပြီး ၅ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းသား၊ ကျောင်းသူတွေကို အထူးအစီအစဉ်ဖြင့် စာမေးပွဲဖြေဆိုပြီး ကျောင်းပြန်တက်ရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ကန့်သတ်ချက်တချို့ကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

 

စစ်အုပ်စုခန့် ပညာရေးဝန်ကြီးဌာနက မေလ ၂၁ ရက်က ကျောင်းပြင်ပရောက် Grade 2 ကနေ Grade 5 နဲ့ Grade 6 ကနေ Grade 9 ကျောင်းသား၊ ကျောင်းသူများကို အထူးအစီအစဉ် Placement Test ဖြေဆိုပြီး ကျောင်းပြန်တက်ရန် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

 

ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဖြေဆိုခွင့်ဖောင်များကို မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ယူရမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထား ပြုလုပ်ကာ ဇွန်လ ၆ ရက်မှာ ပြန်တင်ပေးရမှာဖြစ်တယ်လို့ ဖြေဆိုခွင့်ဖောင် ထုတ်ယူခဲ့သူ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကိုယ့်ကလေးက ၅ တန်းနဲ့ ကျောင်းနားထားတယ်ဆိုရင် အခုသူ့အသက်အရွယ်နဲ့ တက်ရမယ့်အတန်းက ၈ တန်းဆိုရင် ၇ တန်းစာမေးပွဲ ဖြေရမယ်။ Placement Test ဖြေလို့အောင်သွားရင် ၈ တန်းတက်ရမယ်၊ ကျသွားရင်တော့ ၇ တန်းပဲ ပြန်တက်ရမယ်။ ဒီနေ့ပဲ မြို့နယ်ပညာရေးမှူးရုံးမှာ ဖောင်သွားထုတ်ပြီးပါပြီ။ လိုအပ်တဲ့ စာရွက်စာတမ်းလုပ်ပြီး အခုလကုန်ပြီး ၆ ရက် ပြန်တင်ပေးရမှာပါ” လို့ ပြောပါတယ်။

 

လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ဖြေဆိုလိုသောအတန်းနဲ့ မွေးသက္ကရာဇ် ကိုက်ညီရမှာဖြစ်ပြီး အသက်အတွက် မွေးစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်း၊ ကျန်းမာရေးဦးစီးဌာနထောက်ခံစာများ လိုအပ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

စစ်ရေးပဋိပက္ခဖြစ်ရာဒေသများရှိ စာသင်ကျောင်းနဲ့ ဝေးကွာခဲ့သည့် ကျောင်းသားများမှာ မူလနေရပ်က ရပ်ကွက်ထောက်ခံစာ ပြန်ယူပေးရသည့်ကိစ္စမှာ မိဘများအတွက် အခက်အခဲရှိတယ်လို့ ရခိုင်စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“၂၀၂၃ ကတည်းက ရခိုင်မှာ တိုက်ပွဲဖြစ်တော့ ရန်ကုန်ကို စစ်ရှောင်လာတာ ၃ နှစ် ရှိပြီ။ ကျောင်းပြင်ပရောက် ကလေးတွေ စာမေးပွဲပြန်ဖြေခွင့်ပြုမယ်ဆိုလို့ ဒီနေ့ မြို့နယ်ပညာရေးမှူးရုံးမှာ ဖောင်သွားထုတ်တယ်။ ပြဿနာက တစ်ခုပဲ၊ မူလနေခဲ့တဲ့နေရာက ထောက်ခံစာ ယူရမယ့်ကိစ္စ။ လက်ရှိ သံတွဲကို သွားဖို့ အဆင်မပြေဘူး။ အဲဒီအတွက်လည်း အသနားခံစာ တင်ထားတယ်” လို့ ပြောပါတယ်။

 

မူလတန်းနဲ့ အလယ်တန်းကျောင်းသားများနည်းတူ အထက်တန်း Grade 9 မှ Grade 12 ကျောင်းသား၊ ကျောင်းသူများကိုလည်း Placement Test အထူးအစီအစဉ်တွင် ထည့်သွင်းစဉ်းစားပေးစေချင်တယ်လို့ နောက်ထပ် ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မူလတန်းနဲ့ အလယ်တန်းပဲ မဟုတ်ဘဲ အထက်တန်းတွေပါ ဒီအစီအစဉ်ထဲ ထည့်ရင်ကောင်းတာ။ သူတို့တွေလည်း အခြားနည်းတူ စာမေးပွဲပြန်ဖြေချင်၊ ကျောင်းပြန်တက်ချင်မှာပေါ့” လို့ ထောက်ပြပြောဆိုပါတယ်။

 

Placement Test (အထူးအစီအစဉ်) ဖြေဆိုခွင့်လျှောက်လွှာများကို မေလ ၂၁ ရက်မှစတင်ကာ မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ယူနိုင်ပြီး ဇွန်လ ၅ ရက် နောက်ဆုံးထား လျှောက်လွှာတင်ရမှာဖြစ်ကာ သတ်မှတ်ရက်ကျော်လွန်ပြီးမှ ရောက်လာတဲ့ လျှောက်လွှာတွေနဲ့ အချက်အလက်ပြည့်စုံမှုမရှိတဲ့ လျှောက်လွှာများကို ပယ်ချသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဖြေဆိုခွင့်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများမှာ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အတွင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကျောင်းတွေမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး အောင်မြင်ပါက ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းတက်ရမှာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news