သူ့ကိုယ်သူ ရုပ်တုထုပြီး ဂုဏ်ပြုဖို့ ကြိုးစားလာတဲ့ မင်းအောင်လှိုင်
နေပြည်တော်မှာ ဆောက်လုပ်လျက်ရှိတဲ့ ပြည်ထောင်စုဂုဏ်ပြုဗိမာန်အတွင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်တုတွေကို ထုဆစ်ထားရှိဖို့ မနေ့က မေလ ၂၀ ရက်မှာ မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်က မေလ ၂၀ ရက်က နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကို ကြည့်ရှုစစ်ဆေးစဉ်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သူက ပြည်ထောင်စုဂုဏ်ပြုဗိမာန်နဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ခေတ်သစ်ဗိသုကာအနုပညာလက်ရာတွေကို အချိုးညီထည့်သွင်းတည်ဆောက်ဖို့ ပြောဆိုခဲ့သလို ဗိမာန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အမြဲစိမ်းသစ်ပင်တွေနဲ့ ပန်းမန်တွေကို စနစ်တကျ ထည့်သွင်းစိုက်ပျိုးသွားဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်ရင်ပြင်ပတ်လည်နေရာတွေမှာလည်း မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို စကျင်ကျောက်တွေနဲ့ ရုပ်လုံးရုပ်ကြွများ ထုဆစ်ထည့်သွင်းတည်ဆောက်သွားဖို့နဲ့ နေပြည်တော်မြို့အဝင်မုခ်ဦးကိုလည်း မြန်မာ့ယဉ်ကျေးမှုပုံစံဖြင့် အဆင့်မီအောင် စနစ်တကျ လုပ်ဆောင်ဖို့ ပြောကြားခဲ့ပါသေးတယ်။
အဆိုပါခရီးစဉ်အတွင်းမှာ မင်းအောင်လှိုင်နဲ့အတူ သူဦးဆောင်တဲ့စစ်အုပ်စုရဲ့ ဒုသမ္မတ ဦးညိုစောအပြင် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဦးဆန်းဦးနဲ့ တာဝန်ရှိသူတွေ လိုက်ပါပြီး နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကို ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။
