နေရွှေဝင်းစက်ရုံမှာ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်လို့ အလုပ်သမားတွေ ဆန္ဒပြ

Author CJ Platform
Categories
Published on May 11, 2026

ရွှေပြည်သာမြို့နယ်က နေရွှေဝင်းအထည်ချုပ်စက်ရုံမှ သမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာကို မကျေနပ်လို့ စက်ရုံအလုပ်သမားတွေက မေလ ၁၁ ရက်မှာ ကန့်ကွက်ဆန္ဒပြနေတယ်လို့ အဲဒီမြို့နယ်အထည်ချုပ်သမဂ္ဂက အသိပေးထားပါတယ်။

 

နေရွှေဝင်းစက်ရုံက အော်ဒါနည်းသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမား ၁၉ ဦးကို အလုပ်ထုတ်ကြောင်း မေလ ၉ ရက်မှာ ကြေညာခဲ့ပြီး အလုပ်ထုတ်ခံရတဲ့အထဲမှာ အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂဝင် ၁၀ ဦး ပါနေတာကြောင့်လို့ ဆိုပါတယ်။

 

အဲဒီလို အလုပ်ထုတ်လိုက်တဲ့ သမဂ္ဂဝင်​တွေကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်ရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက စက်ရုံအတွင်း တောင်းဆိုနေကြတာလို့ တောင်းဆိုတဲ့အထဲ ပါဝင်သူတစ်ဦးက ဆိုပါတယ်။

 

“စက်ရုံက ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်တာဖြစ်လို့ ကန့်ကွက်တာ။ အခြေအနေကတော့ ဘယ်လိုလာမယ် မသိသေးဘူး” လို့ ပြောပါတယ်။

 

တောင်းဆိုမှုလုပ်နေသူတွေဆီ HR ဌာနက မန်နေဂျာဆိုသူ ရောက်လာကာ လှော်ကားစခန်းမှ ရဲကိုခေါ်ပြီး တစ်ဦးချင်း ဆွဲထုတ်ခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့သလို ရွှေပြည်သာမြို့နယ်မှ ရဲ၊ စရဖ၊ SB တွေကိုလည်း ဖုန်းဆက်ကာ စက်ရုံထဲသို့ ခေါ်ထားတယ်လို့ မြို့နယ်အထည်ချုပ်သမဂ္ဂဆီက သိရပါတယ်။

 

အခုလို အလုပ်ထုတ်ခံရတဲ့သူ​တွေက အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့ ဦးဆောင်နေသူတွေဖြစ်တယ်လို့ ကျန်အဖွဲ့ဝင်တွေက ဆိုပါတယ်။

 

အဲဒီလို အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့အတွက် မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ဆီ မတ်လ ၂၃ ရက်က အဖွဲ့အစည်းဖောင်တင်ထားပေမယ့် ပုံစံ (၆) ထုတ်ပေးတာမရှိဘဲ အလုပ်ရှင်ဆီ အဖွဲ့မှာပါတဲ့ လူစာရင်းကို လက်သိပ်ထိုးပေးကာ သမဂ္ဂဖြိုခွဲဖို့ နောက်ကွယ်က ပံ့ပိုးပေးခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က မေလ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

ဓာတ်ပုံ – STUM