စစ်ကိုင်းမှာ ငလျင်ထောက်ပံ့ကြေးစာရင်းပါဝင်သူတွေကို စစ်မှုထမ်းဆင့်ခေါ်နေ
စစ်ကိုင်းမြို့မှာ ငလျင်ထောက်ပံ့ကြေးပေးမယ်လို့ဆိုကာ ကောက်ယူထားခဲ့တဲ့ လူဦးရေစာရင်းတွေကို အသုံးပြုပြီး လူငယ်တွေကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးတာတွေနဲ့ စစ်မှုထမ်းဆင့်ခေါ်တာတွေကို ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်အုပ်စုက မေလ ပထမပတ်က စတင်ပြီး စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်အချို့မှာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အသက်အရွယ်ပြည့်သူ အမည်စာရင်းတွေကို ကပ်ထားပြီး ပုံစံ (၂) ဖောင်တွေ ထုတ်ယူဖို့ ဆင့်ခေါ်မှုတွေ ရှိနေသလို ငလျင်ပြီးနောက် ထောက်ပံ့ကြေးအတွက် ကောက်ယူထားတဲ့ စာရင်းတွေကနေတစ်ဆင့်လည်း အိမ်တိုင်ရာရောက် ဆင့်ခေါ်တာတွေ၊ အတင်းအဓမ္မဖမ်းဆီးတာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ငလျင်ဘေးထောက်ပံ့မှုရမယ်ဆိုပြီး စာရင်းတွေလိုက်ကောက်တုန်းက လူတွေက အားကိုးတကြီးနဲ့ ပေးခဲ့ကြတာ။ အခုတော့ အဲဒီစာရင်းတွေက ပေါ်တာဆွဲဖို့ စာရင်းတွေ ဖြစ်ကုန်ပြီ။ ခွေးမာယာများသွားတာပဲ၊ လူတိုင်းစာရင်းပါတယ်။ ကျွန်တော်တို့အသိတွေလည်းပါတယ်၊ ရှိသမျှလူအကုန် ပါတာဗျာ လူငယ်တွေ” လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ပစ်မှတ်ထားလာနေပြီး အသက် ၁၈ နှစ်က ၄၅ နှစ်အထိ အကျုံးဝင်သည်ဟုဆိုကာ စာရင်းလိုက်လံကောက်ယူနေတာတွေပါ ရှိနေတယ်လို့ ဆက်လက်ပြောပါတယ်။
“ဘယ်သူမှမလွတ်ဘူး၊ လိုက်ဖမ်းနေပြီ ခေါ်နေပြီ။ စစ်မှုထမ်းစာရင်း အကုန်ပါကြတာ၊ ဘယ်သူမှမလွတ်ဘူး၊ လိုက်ဖမ်းနေပြီ ခေါ်နေပြီ။ မကျန်တော့ဘူး လူတွေအကုန်ပါ။ မိန်းကလေးက ဘွဲ့ရပညာတတ်ဆိုရင် ၁၈ ကနေ ၄၅ ထိ စာရင်းကောက်နေတာ” လို့ အဲဒီမြို့ခံက ဆက်လက်ပြောပါတယ်။
အထူးသဖြင့် စိန်ကုန်းရပ်ကွက်၊ ပန်းဘဲတန်းရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက် စတဲ့ရပ်ကွက်တွေနဲ့ အခြားရပ်ကွက်တချို့မှာပါ လုပ်ဆောင်နေကာ မြို့ထဲလမ်းမပေါ်တွေမှာလည်း သွားလာသူတွေကို ဖမ်းဆီးတာ၊ စစ်မှုထမ်းရန်အတွက် နေအိမ်အထိ စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်း ဆင့်ခေါ်စာတွေပါ ပို့ဆောင်တာတွေ လုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ မေ ၁၁ ရက်မှာလည်း စစ်ကိုင်းမြို့မှာ စစ်အုပ်စုတပ်သားတွေနဲ့ ပျူစောထီးတပ်သားတွေက မြို့တစ်ပတ်ပတ်ကာ အိုးဝေ (သုံးဘီး) မောင်းနှင်သူများကိုပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“မိုးရွာကြီးထဲကို တစ်မြို့လုံးပတ်ဆွဲနေတာဗျာ၊ ရွံစရာကြီး။ အိုးဝေသမားတွေတောင် မချန်ဘူး၊ လုပ်ရက်ကြီး၊ တကယ်ရွံစရာကြီး” လို့ အသက် ၃၀ ခန့် စစ်ကိုင်းမြို့က အခြားဒေသခံအမျိုးသားတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
ဒါ့ပြင် စစ်အုပ်စုအစိုးရရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အရ မှတ်ပုံတင်တွေ ကွင်းဆင်းပြုလုပ်ပေးခြင်းဟာလည်း စစ်မှုထမ်းရန် လူငယ်စာရင်းပြုစုခြင်းသာဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေခဲ့ပြီး နန္ဒဝန်ရပ်ကွက်တစ်ခုတည်း၌ပင် ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က စစ်မှုထမ်းရန် ဆင့်ခေါ်ထားသူ ၄၈၀ ကျော်ရှိနေပြီး စာရင်းထဲမှာ လူတိုင်းနီးပါး ပါဝင်နေသော်လည်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ မိသားစုဝင်များမှာမူ ကင်းလွတ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာ အခုလို စစ်အုပ်စုတပ်နဲ့ ပျူစောထီးတပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်မှုထမ်းရန်အတွက် နာမည်စာရင်းတွေနဲ့ ဆင့်ခေါ်မှုတွေကို တစ်ပြိုင်နက် လုပ်ဆောင်နေတာကြောင့် မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း သိရပါတယ်။
