ဧပြီလအတွင်း စစ်အုပ်စုက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၅ ကြိမ် ကျူးလွန်၊ ပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ရ
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ရာဇဝတ်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီတစ်လတာအတွင်းမှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၄၅၆ ခု ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၇၈ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ၁၃၈ ဦး သေဆုံးကာ ၂၀၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး စစ်အုပ်စုကျူးလွန်မှုတွေထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၅ ကြိမ်အထိ ကျူးလွန်ခဲ့တာကြောင့် အရပ်သား ၅၈ ဦး သေဆုံးခဲ့ရတယ်လို့ ပါရှိပါတယ်။
“ဧပြီလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်” လို့လည်း ထုတ်ပြန်ချက် Video မှာ ပြောထားပါတယ်။
စစ်အုပ်စုဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုအပြင် မီးရှို့ဖျက်ဆီးတာနဲ့ တိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၅၈၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၈ ခု၊ စာသင်ကျောင်း ၁၁ ကျောင်းနဲ့ ဆေးပေးခန်း ၇ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုကျူးလွန်မှုတွေထဲမှာ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ မန္တလေးဖက်ဒရယ်ယူနစ်၊ မြင်းခြံမြို့နယ်အတွင်းရှိ ပတ်ပင်အိုင်ရွာမှာ ဖြစ်ပွားခဲ့ပြီး ဧပြီ ၁ ရက်မှ ၄ ရက်အထိ စစ်အုပ်စုတပ်သား ၃၀၀ ခန့်က ဝင်ရောက်စီးနင်းကာ သေနတ်နဲ့ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ဦးနဲ့ ကာကွယ်ရေးရဲဘော် ၃ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
ဖြစ်စဉ်အတွင်းမှာ စစ်အုပ်စုဟာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အလောင်းလာကောက်တဲ့ မိသားစုဝင်တွေကိုပါ ဒရုန်းနဲ့ ဗုံးကြဲတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်အပါအဝင် ပြည်သူလူထုပိုင် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် တစ်ဖက်မှာလည်း စစ်အုပ်စုဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့အတွက် အကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းပင် မပြည့်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထောက်ပြထားပြီး လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၂ သောင်းကျော်ဟာ အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Wetlet Informational Network
