ကြို့ပင်ကောက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၀၀ နီးပါး ပျက်စီး၊ လူ ၂ ထောင်ကျော် နေထိုင်စရာမဲ့နေ


ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၀၀ နီးပါး ပျက်စီးသွားပြီး လူ ၂,၀၀၀ ကျော် နေထိုင်စရာမဲ့နေရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၂၂ စုမှ နေအိမ် ၆၃၉ လုံး ထိခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတစ်ခု ထိခိုက်ခဲ့ရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ချောင်းဂွကျေးရွာတွင်မူ နေအိမ် ၁၀ လုံးခန့်သာ အကောင်းနီးပါး ကျန်ရှိပြီး နေအိမ် ၈၀ ခန့်မှာ ပြိုကျပျက်စီးခဲ့ကာ ရန်ကုန်-ပြည်လမ်းပေါ်မှာလည်း သစ်ပင်ကြီးတွေ လဲကျတာ၊ ဓာတ်တိုင်တွေ လဲကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ မှတ်ချက်ပြုမှုကနေ သိရပါတယ်။

လေပြင်းကြောင့် အိမ်ထောင်စု ၆၉၆ စုရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပြီး လူဦးရေ ၂,၀၀၀ ကျော်မှာ အရေးပေါ်အကူအညီတွေ လိုအပ်နေကာ ယာယီခိုလှုံရာနေရာအတွက် လိုအပ်နေတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမြို့ လမ်းပိတ်ဆို့မှုနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒေသခံတွေအတွက် အရေးပေါ်အကူအညီတွေပါ ရောက်ရှိဖို့အရေး ကြန့်ကြာနေခဲ့ပြီး ဆက်သွယ်ရေးလိုင်းတွေ မကောင်းမွန်တာကြောင့် အမြန်ဆုံးအကူအညီပေးကြဖို့ ဒေသခံတွေရဲ့ အဝေးရောက် မိတ်ဆွေတွေက တိုက်တွန်းတောင်းဆိုနေပါတယ်။

တရုတ်နိုင်ငံဘက်က လေဖိအားမြင့်ရပ်ဝန်းတွေရဲ့ ဖြန့်ကျက်မှုနဲ့ ပင်လယ်ပြင်က စိုထိုင်းဆတွေဟာ ကုန်းတွင်းအပူရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာနေပြီး အပူရှိန်ပြင်းထန်မှုကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတတ်တဲ့ “နွေကြိုမိုးသက်လေပြင်း (Summer Storm)” ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊  MayMay ThuThu Facebook

 

 

Related News

Depend on news