မင်းအောင်လှိုင် အမည်စာရင်းတင်သွင်းတဲ့ ဝန်ကြီးချုပ်တွေက ဘယ်လိုလူတွေလဲ

Published on Apr 06, 2026

မြန်မာနိုင်ငံတစ်ဝန်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုမှာ ဝန်ကြီးချုပ်နေရာတွေအတွက် အမည်စာရင်း တင်သွင်းမှုတွေကို ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ ကျင်းပတဲ့ စစ်အုပ်စုဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးတွေကနေ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေးပို့တဲ့ ဝန်ကြီးချုပ်လောင်း အမည်စာရင်းတွေကို ကြည့်ရင် သူ့ရဲ့ အနီးကပ်လူယုံတော်တွေဖြစ်တဲ့ စစ်ဘက်၊ ရဲဘက် အရာရှိဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကိုပဲ ဦးစားပေး နေရာချထားတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ်လောင်း အများစုဟာ နိုင်ငံတကာက ပိတ်ဆို့ဒဏ်မှုကို ကြုံတွေ့ထားရပြီး သမိုင်းမှတ်တမ်းဆိုးတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြသူတွေဖြစ်တာကို CJ Platform က လေ့လာတွေ့ရှိရပါတယ်။

စစ်အုပ်စုရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာတော့ ဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်း မဲဆန္ဒနယ်ကနေ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု အနိုင်ရထားတဲ့ ဒုရဲချုပ်ဟောင်း အောင်နိုင်သူကို အတည်ပြုလိုက်ပါတယ်။ သူဟာ ၂၀၁၉ခုနှစ်က နေပြည်တော် Wisdom Hill (ဗစ်တိုးရီးယားအမှု) သက်ငယ်မုဒိမ်းမှုမှာ တရားခံတွေဘက်ကနေ ကာကွယ်ပေးခဲ့သူဖြစ်ပြီး နစ်နာသူ ကလေးငယ်နဲ့မိသားစုဝင်တွေရဲ့ အကြောင်းအရာတွေကို လူသိထင်ရှားချပြခဲ့သူပဲဖြစ်ပါတယ်။

 

မကွေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာသူ ဒုရဲချုပ်ဟောင်း တင်ကိုကိုကတော့ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

 

စစ်အုပ်စုချုပ်ကိုင်ဖို့ ခက်ခဲတဲ့ စစ်ကိုင်းတိုင်းမှာတော့ ကာကွယ်ရေး ဒုဝန်ကြီးဟောင်း ဗိုလ်ချုပ် ကိုလေးကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ထားတာကို တွေ့ရပါတယ်။

 

တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူ ဗိုလ်ချုပ်ဟောင်း ဇော်နိုင်ဦးကတော့ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှာ တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ စစ်ခေါင်းဆောင် တည်ထားတဲ့ မာရဝိဇယ ရုပ်ပွားတော် တည်ဆောက်ရေးမှာ တာဝန်ခံအဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

 

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စစ်တပ် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ခန့်အပ်ခဲ့ပါတယ်။ သူဟာ အခုခန့်အပ်ခံရတဲ့ ဝန်ကြီးချုပ်တွေထဲမှာ ရာထူးအမြင့်ဆုံး စစ်တပ် ကိုယ်စားလှယ် ဖြစ်ပါတယ်။

 

စစ်အုပ်စု ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ ရခိုင်ပြည်မှာတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကြံ့ခိုင်ရေးပါတီက ဦးနိုင်ဦးကို အမည်စာရင်းတင်သွင်းထားပါတယ်။

 

ရှမ်းပြည်နယ်မှာ ဒုဗိုလ်မှူးကြီးဟောင်း စိုင်းထိန်စိုး နဲ့ ကယားပြည်နယ်မှာ စစ်တပ်အသွင်ပြောင်း ထွေအုပ်ဟောင်း ဦးအံ့မော် တို့ကို အမည်စာရင်းတင်သွင်းထားပါတယ်။

 

ဧရာဝတီတိုင်းမှာတော့ အဂတိလိုက်စားမှု သတင်းတွေ ထွက်ပေါ်ပြီးနောက် အရေးယူမခံရမီ ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်ခဲ့သည့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခံထားရပါတယ်။

 

မန္တလေးတိုင်းမှာတော့ လက်ရှိ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ချင်းပြည်နယ်မှာလည်း လက်ရှိဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာ ဝုန်ဆွန်းထန်၊ ကချင်ပြည်နယ်မှာ ဦးခက်ထိန်နန်၊ ကရင်ပြည်နယ်မှာ ဗိုလ်မှူးချုပ်ဟောင်း စောမြင့်ဦး ၊ ပဲခူးတိုင်းမှာ ဒုရဲချုပ်(၁)အဖြစ် ရာထူးရယူခဲ့သူ ဦးမျိုးဆွေဝင်း တို့ကို မူလ ဝန်ကြီးချုပ် ရာထူးတွေမှာပဲ ဆက်လက် ခန့်ထားဖို့ မင်းအောင်လှိုင်က အဆိုပြုခဲ့ပါတယ်။

 

အခုလို ဝန်ကြီးချုပ်နေရာတွေကို ခန့်အပ်တဲ့အခါမှာ မင်းအောင်လှိုင်ဟာ လူဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ဘက်၊ ရဲဘက်က လူတွေကိုပဲ ဦးစားပေးခဲ့တာ တွေ့ရပါတယ်။ စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကိုတော့ ဝန်ကြီးချုပ်နေရာ တစ်ခုမှ ပေးအပ်တာမျိုး မရှိခဲ့ပါဘူး။

တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲ ရောက်လာပေမဲ့ လွှတ်တော်အကြီးအကဲနေရာတွေမှာကော အုပ်ချုပ်ရေး အာဏာရတဲ့ ဝန်ကြီးချုပ်နေရာတွေမှာ ချန်လှပ်ခံထားရဆဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင် ဝန်ကြီးချုပ်အများအပြား နေရာပြန်ရလာတာဖြစ်လို့ အာဏာသိမ်းစစ်တပ်ကပဲ အမည်နဲ့ ပုံစံပြောင်းလဲ လှည့်ဖျားတဲ့ အပြောင်းအလဲပဲဖြစ်ပါတယ်။