ဂျီနိုဆိုက်မှု တာဝန်ရှိသူ မင်းအောင်လှိုင် သမ္မတဖြစ်လာ၊ နိုင်ငံတကာတရားစွဲဆိုမှုများကြား အာဏာကို ဝတ်စုံလဲ ရယူ

Author CJ Platform
Categories
Published on Apr 03, 2026

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ကျင်းပတဲ့ စစ်အုပ်စုဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ ဒါဟာ စစ်တပ်ရာထူးကနေ အနားယူပြီး ရက်ပိုင်းအတွင်းမှာပဲ ၎င်းဖြစ်ချင်တဲ့ သမ္မတအိပ်မက်ကို ကြိုတင်ဇာတ်ညွှန်းအတိုင်း အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။

 

ဒီနေ့ကျင်းပတဲ့ စစ်အုပ်စုဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒုတိယသမ္မတလောင်း ၃ ဦးဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နန်းနီနီအေးနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောတို့ထဲကနေ သမ္မတကို မဲခွဲရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်အတွင်းမှာ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ (USDP) အမတ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက အပြတ်အသတ် အများစုဖြစ်နေတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထောက်ခံမဲအများဆုံးနဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။ ကျန်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ဒုတိယသမ္မတ (၁) နဲ့ နန်းနီနီအေးက ဒုတိယသမ္မတ (၂) အဖြစ် အသီးသီး တာဝန်ယူရမှာ ဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ၁၅ နှစ်ကြာ ရယူခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာတော့ တပ်ချုပ်ရာထူးကို သူ့ရဲ့လက်ရင်းတပည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ပြီးနောက် အခုလို အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲ တာဝန်ယူလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရ အသွင်ပြောင်းပြီး နိုင်ငံတကာရဲ့ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်။

 

အခုပေါ်ထွက်လာတဲ့ အစိုးရသစ်မှာလည်း စစ်ခေါင်းဆောင်ရဲ့ လူယုံတော်တွေကပဲ ထိပ်ပိုင်းနေရာတွေကို အကုန်အစင် ရယူထားတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးတို့က နေရာယူထားပြီးဖြစ်တာကြောင့် သမ္မတမင်းအောင်လှိုင်အတွက် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ရယူလိုက်ပေမဲ့ သူကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာရဲ့ အရေးယူမှုတွေက ပိုမိုပြင်းထန်လာနေပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) က သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေသလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း အာဂျင်တီးနား တရားရုံးက ၎င်းကို ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

 

ထူးခြားချက်အနေနဲ့ Myanmar Accountability Project (MAP) ရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်အတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် မင်းအောင်လှိုင်နဲ့ ခြေလျင်တပ်ရင်းတွေကို တရားစွဲဖို့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတရားရုံးထံ တိုင်ကြားစာ တင်သွင်းမှုကို လာမယ့် ဧပြီလ ၆ ရက်နေ့မှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အလားတူ အာဆီယံအဖွဲ့ဝင်သစ် တီမောလက်စ်တေ နိုင်ငံမှာလည်း စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခြင်း ခံထားရပါသေးတယ်။

 

လက်ရှိမှာ မြန်မာနိုင်ငံဟာ စစ်ပွဲတွေကြောင့် စီးပွားရေး ပျက်ကပ်ဆိုက်နေပြီး စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းဒဏ်ကို ပြည်သူတွေ အပြင်းအထန် ခံစားနေရဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပြည်တွင်းတော်လှန်ရေး အင်အားစုတွေကတော့ အခုလို ဂျီနိုဆိုက်တရားခံတစ်ဦးက ဝတ်စုံလဲပြီး သမ္မတ တက်လုပ်တဲ့ အစိုးရသစ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။