ကျိုင်းတုံမြို့ အရှေ့ဘက် ၁၈မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ဒသမ၆အဆင့်ရှိငလျင်လှုပ်ခတ်

Published on Aug 24, 2022

🖋လင်းခိုင်

ကျိုင်းတုံမြို့ အရှေ့ဘက် ၁၈မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ဒသမ၆အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် ဩဂုတ်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၃၃)မိနစ်၊ (၅၀)စက္က န့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့ ၏ အရှေ့ဘက် (၁၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၉) ဒီဂရီ၊ အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်။

ယင်းငလျင်သည် ဇူလိုင် ၂၁ရက်က ကျိုင်းတုံမြို့အနီးတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ နောက်ဆက်တွဲငလျင်တစ်ခုဖြစ်သည်။

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များသည် လအနည်းငယ်မှနှစ်ချည်ကာ လှုပ်ခတ်လေ့ရှိသည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြိုအနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်းအရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး များစွာရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားရနိုင်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။