နှစ်နှစ်ကျော် ပိတ်ထားတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မနက်ဖြန် ဖွင့်မယ်
ကရင်ပြည်အတွင်း နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးအတွက် အရေးပါတဲ့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ပိတ်ထားခဲ့ရတဲ့ ဒီလမ်းပိုင်းကို အခမ်းအနားနဲ့တကွ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကော်မရှင်ဘက်က စီစဉ်နေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ကရင်ပြည်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို ဘားအံမြို့နယ်၊ တံတားဦးကျေးရွာရှိ လွန်းညရေပြာအိုင်အနီးမှာ မနက်ဖြန် မနက် ၈ နာရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ပြည်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူအားလုံး မပျက်မကွက် တက်ရောက်ဖို့အတွက် မတ်လ ၃၁ ရက်နေ့စွဲနဲ့ ဖိတ်ကြားစာတွေ ပေးပို့ထားပါတယ်။
ဒီအာရှလမ်းမကြီးဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် ကျုံဒိုး-ကော့ကရိတ်-သင်္ဃန်းညီနောင် လမ်းပိုင်း မိုင် ၅၀ ကျော်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကော်မရှင်ဘက်က ‘အောင်ဇေယျ’ စစ်ကြောင်းအမည်နဲ့ တစ်နှစ်ကျော်ကြာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာမှ အဆိုပါလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကော်မရှင်က လမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်ထားတယ်လို့ ဆိုပေမဲ့ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။
အာရှလမ်းမကြီး ပိတ်ထားတဲ့ ကာလအတွင်းမှာ ကုန်သည်တွေနဲ့ ခရီးသွားပြည်သူတွေဟာ အလွန်ခက်ခဲပြီး အန္တရာယ်များတဲ့ ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းနဲ့ လမ်းဟောင်းတွေကိုသာ အားကိုး သွားလာခဲ့ကြရပါတယ်။
ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုတော့ ပြန်ဖွင့်မလားဆိုတာ မသေချာသေးပါဘူး။ အဆိုပါတံတားကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လလယ်ကတည်းက တော်လှန်ရေးတပ်တွေ အခွန်မရရှိအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတော့ မြန်မာစစ်တပ် အမှတ် ၂၇၅ တပ်ရင်းမှူးနဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ (TBC) တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တွေ့ဆုံပြီး မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပြန်ဖွင့်ဖို့အပါအဝင် နယ်စပ်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
