အမှန်နဲ့အမှားပဲ ခြစ်ပြီး မဲပေးရတဲ့ ဒုသမ္မတလောင်း ရွေးချယ်မှုမှာ ပယ်မဲ ၄ မဲအထိ ရှိခဲ့

Published on Mar 31, 2026

စစ်အုပ်စုလွှတ်တော်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုသမ္မတလောင်းတွေကို မဲခွဲရွေးချယ်ရာ အမှန်နဲ့အမှားပဲ ရေးခြစ်ပြီး မဲပေးရပေမယ့် ပယ်မဲ ၄ မဲအထိ ရှိခဲ့တာကို တွေ့ရှိရပါတယ်။

 

အတုယောင် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသာ ပါဝင်နေတဲ့ လွှတ်တော်နှစ်ရပ်ရဲ့ မဲပေးရွေးချယ်မှုမှာ ပယ်မဲ ၄ မဲအထိ ရှိခဲ့မှုဟာ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် မဲပေးမှုကို မပေးတတ်တာလား၊ လွှတ်တော်တွေမှာ အမည်စာရင်း တင်သွင်းထားတဲ့ ဒုသမ္မတလောင်းတွေကို မကြိုက်နှစ်သက်တာကြောင့် ပယ်မဲလုပ်ဆောင်ခဲ့တာလားဆိုတာကို မသိရပါဘူး။

 

အမျိုးသားလွှတ်တော်မှာ အမည်စာရင်း တင်သွင်းထားတဲ့ ဒုသမ္မတလောင်းတွေဖြစ်တဲ့ ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာမနမ်တူးဂျာကို မဲပေးရွေးချယ်ရာမှာ ဒေါ်နန်းနီနီအေးက ၁၁၇ မဲ၊ ဒေါက်တာမနမ်တူးဂျာက ၃၈ မဲ၊ ပယ်မဲ ၁ မဲနဲ့ ဒေါ်နန်းနီနီအေးက ဒုသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

 

အလားတူ ပြည်သူ့လွှတ်တော်မှာလည်း အမည်စာရင်း တင်သွင်းထားတဲ့ ဒုသမ္မတလောင်းတွေဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေတို့ကို မဲပေးရွေးချယ်ရာမှာ မင်းအောင်လှိုင်က ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ၁၀ မဲ၊ ပယ်မဲ ၃ မဲနဲ့ မင်းအောင်လှိုင်က ဒုသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

 

ပြည်သူ့လွှတ်တော်က ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီး ရာထူးကိုသာ ဆက်လက်သုံးစွဲပေးနေတာကို တွေ့ရှိရပြီး စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း မင်းအောင်လှိုင်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စစ်တပ်ကနေ အနားယူခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်မှုမျိုး ထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆောင်အယောင်ဖြစ်တဲ့ ဓားကိုလည်း မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပြောင်းပေးအပ်ပြီး ချက်ချင်း ပြန်ယူသွားခဲ့တာကိုလည်း စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ သတင်းတွေမှာ တွေ့ရှိရပြီး မင်းအောင်လှိုင်ဟာ ဒီကနေ့အချိန်အထိ ကာချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထက် ရာထူးအမြင့်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရယူထားဆဲဖြစ်တာကို တွေ့ရှိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC