ကျိုက်ထိုမှာ တစ်နှစ်အတွင်း လူတစ်ထောင်ကျော် ခွေးကိုက်ခံရ

Published on Mar 25, 2026

မွန်ပြည်၊ ကျိုက်ထိုမြို့မှာ ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာ လူတစ်ထောင်ကျော်အထိ ခွေးကိုက်ခံခဲ့ရပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရတယ်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာ လူပေါင်း ၁,၀၁၈ ဦးအထိ ခွေးကိုက်ခံခဲ့ရပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရကာ ခွေးကိုက်ခံရသူတွေထဲက ၃၅ ရာခိုင်နှုန်းဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

 

“အထူးသဖြင့် ဆောင်းဝင်ခါစ အောက်တိုဘာကနေ ဒီဇင်ဘာလတွေမှာ ခွေးကိုက်ခံရမှုက ပုံမှန်ထက် နှစ်ဆလောက်တောင် ပိုများလာတတ်တာမို့ အဲဒီအချိန်တွေဆိုရင် ကိုယ့်သားသမီးလေးတွေကို မျက်စိအောက်က အပျောက်မခံဖို့ အထူးပဲ သတိထားစေချင်ပါတယ်ဗျာ။ ‘ခွေးကိုက်တာပဲ… ဆေးထည့်လိုက်ရင် ပျောက်မှာပေါ့’ လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ခွေးရူးပြန်ရောဂါဆိုတာ လက္ခဏာတစ်ခါ ပြလာပြီဆိုတာနဲ့ အသက်ရှင်ဖို့ လမ်းမရှိသလောက်ကို ကြောက်စရာကောင်းတဲ့ ရောဂါမျိုးပါ” လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

 

အထူးသဖြင့် ကျိုက်ထိုမြို့ပေါ်က ဇေယျာမွန်၊ ဖက္ကလိပ်နဲ့ မုက္ခမူ ရပ်ကွက်တွေမှာ ခွေးကိုက်ခံရတဲ့ ဖြစ်စဉ်တွေ ပိုမိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန