တိုင်းနဲ့ ပြည်နယ်လွှတ်တော် အကြီးအကဲနေရာအားလုံးကို ကြံ့ခိုင်ရေးပါတီက ရယူသွား

Published on Mar 20, 2026

ဒီကနေ့ မတ် ၂၀ ရက်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံတစ်ဝန်း တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနေရာအားလုံးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ရယူခဲ့ပြီး အများစုဟာ စစ်ကော်မရှင် လက်အောက်ခံ ဝန်ကြီးအဆင့် တာဝန်ယူထားကြသူတွေ ဖြစ်နေပါတယ်။

 

တိုင်းရင်းသားဒေသ ပြည်နယ်လွှတ်တော်အားလုံးမှာလည်း လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေကို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေသာ ရယူခဲ့တာဖြစ်ပြီး စစ်ကော်မရှင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေကတော့ လွှတ်တော်အကြီးအကဲနေရာ ရရှိခဲ့ခြင်း မရှိပါဘူး။

 

တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနေရာအားလုံးကို ရယူခဲ့သူတွေထဲမှာ စစ်ကော်မရှင် တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတဝန်ကြီးစတဲ့ ထိပ်ပိုင်းတာဝန်တွေကို ရယူထားသူတွေဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင် စစ်အုပ်စု ထိပ်ပိုင်းအရာရှိတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

 

စစ်ကော်မရှင်က သူတို့စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပခဲ့ပြီးနောက် အခု မတ်လအတွင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့် မတ် ၃၀ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်ကျင်းပဖို့ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၃ အုပ်စုကနေ ဒုတိယသမ္မတလောင်းတွေကို ရွေးချယ်တင်မြှောက်ဖို့ ရှိနေပြီး အဲဒီကနေတစ်ဆင့် သမ္မတရွေးချယ်ဖို့ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

 

တိုင်းလွှတ်တော်တွေမှာတော့ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးဌေးအောင်၊ ဒုဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးအောင်ကျော်မိုး၊ ဒုဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပဲခူးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးအောင်ချိုဦး၊ ဒုဥက္ကဋ္ဌ ဦးကျော်ဌေး၊ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးတင့်လှိုင်မြင့်၊ ဒုဥက္ကဋ္ဌ ဦးမျိုးသန့်၊ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဒေါက်တာမောင်မောင်ဌေး၊ ဒုဥက္ကဋ္ဌ ဦးခင်မောင်ညို၊ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးသိန်းထွန်း၊ ဒုဥက္ကဋ္ဌ ဦးသက်နိုင်ဦးနဲ့ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးမြတ်ကို၊ ဒုဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က နေရာရယူခဲ့ပါတယ်။

 

ဒါ့အပြင် ပြည်နယ်လွှတ်တော်တွေမှာတော့ ကချင်ပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးရာဝမ်ဂျုံး၊ ဒုဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ကယား (ကရင်နီ) ပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးမော်ရယ်၊ ဒုဥက္ကဋ္ဌ ဦးစိုးရယ်၊ ကရင်ပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးစန်းကို၊ ဒုဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ချင်းပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးကောလ်လျန်ထန်း၊ ဒုဥက္ကဋ္ဌ ဦးသန့်ဇင်ဦး၊ မွန်ပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးသက်ထွေး၊ ဒုဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ ရခိုင်ပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဒေါက်တာစန်းရွှေ၊ ဒုဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦးနဲ့ ရှမ်းပြည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးစိုင်းလုံးကျော်၊ ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်တို့က နေရာရယူခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro_SAC

 

 

Related News

Depend on news