ဝက်လက်မှာ စိတ်ကျန်းမာရေးချို့တဲ့နေသူ အမျိုးသမီးကြီးတစ်ဦးကို စစ်အုပ်စုက မီးရှို့သတ်ဖြတ်

Author CJ Platform
Categories
Published on Mar 11, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အမျိုးသမီးကြီးတစ်ဦးကို စစ်အုပ်စုတပ်သားတွေက မနေ့က မတ် ၁၀ ရက်မှာ မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ မတ် ၁၀ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှာ ဝက်လက်မြို့နယ်၊ ကူကြီးနဲ့ သစ်ဆိမ့်ရွာမှာ ရောက်ရှိနေတဲ့ စစ်ကြောင်းထဲက စစ်အုပ်စုတပ်သားတချို့ဟာ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီးနောက် အခုလို သတ်ဖြတ်သွားခဲ့တာလို့ သိရပါတယ်။

 

“အသက် ၅၀ ကျော်အရွယ် ဒေါ်ဗိန်မဆိုတဲ့ စိတ်ဝေဒနာသည်ကို မီးရှို့သတ်သွားပြီးတော့မှ နွားတစ်ကောင်ဆွဲပြီး ပြန်ထွက်သွားတာ၊ ရိက္ခာတွေလည်း ယူသွားတယ်” လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၂ ရက်မှာ ကူကြီးရွာနဲ့ မတ် ၆ ရက်မှာ သစ်ဆိမ့်ကျေးရွာထဲက ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

 

“ဝက်လက်မြို့နယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေကြတာ နှစ်လလောက်ရှိပြီဗျ၊ ကျွန်တော်တို့လည်း ပြေးနေကြရတာ ကြာပြီ” လို့ ဝက်လက်မြို့နယ်က အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်ကစလို့ အခုနှစ် မတ် ၁၁ ရက်အထိ နှစ်လကျော် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေ ရှိနေတာကြောင့် ထုံးဘိုရွာ၊ ရှားကွဲရွာ၊ ချောင်းမှီတိုရွာ၊ ရေဖြူရွာ၊ ရေဂမိုးရွာ၊ ရွာသစ်ရွာ၊ လှေပိုဆိပ်ရွာ၊ သစ်ဆိမ့်ရွာ၊ ကူကြီးရွာ၊ ငါးပတ်ချောင်းရွာစတဲ့ ကျေးရွာ ၁၀ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Wetlet Informational Network

 

 

Related News

Depend on news