ပြည်သူ့ပါတီနဲ့ ဇိုမီးအမျိုးသားပါတီက ကိုယ်စားလှယ် ၂ ဦးကို ရှုံးနိမ့်သွားတဲ့ ကြံ့ခိုင်ရေးအမတ်လောင်းတွေက ကန့်ကွက်လွှာ တင်သွင်းထားမှု စတင်စစ်ဆေး
စစ်အုပ်စုက ကျင်းပခဲ့တဲ့ အတုယောင် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် ကန့်ကွက်လွှာ တင်သွင်းခံထားရတဲ့ ဇိုမီးအမျိုးသားပါတီက ဦးပေါင်ဇလန်းနဲ့ ပြည်သူ့ပါတီက ဦးခိုင်ဦးတို့ကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ စစ်ကော်မရှင်က ဒီကနေ့ မတ် ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ချင်းပြည်၊ တီးတိန်မြို့နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ အမတ် ဦးပေါင်ဇလန်းကို ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ဒေါက်တာကောင်းထက်ခိုင်က ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့တာကြောင့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) နဲ့ ကြားနာစစ်ဆေးမှု စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့ပါတီ အမတ် ဦးခိုင်ဦးကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းကြူက ကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲခုံအဖွဲ့ (၂) နဲ့ ကြားနာစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဦးပေါင်ဇလန်းနဲ့ ဦးခိုင်ဦးတို့ဟာ တိုင်းနဲ့ ပြည်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မှာ အနိုင်ရရှိခဲ့သူတွေဖြစ်ပြီး ဒေါက်တာကောင်းထက်ခိုင်နဲ့ ဦးဝင်းကြူတို့က သက်ဆိုင်ရာ နယ်မြေတွေမှာ ရှုံးနိမ့်ခဲ့ကြတာကြောင့် ကန့်ကွက်လွှာ တင်သွင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ ကန့်ကွက်လွှာ တင်သွင်းခံထားရသူ ၂ ဦးစလုံးကို ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ နယ်မြေအလိုက် အနိုင်ရရှိထားသူတွေဖြစ်ကြောင်း ထုတ်ပြန်ထားပါသေးတယ်။
