စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း ကိုယ်ဝန်ဆောင်တွေအပါအဝင် အမျိုးသမီး ၆၀ ကျော် သေဆုံး
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးရသူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၆ ဦး၊ လက်နက်ကြီးကြောင့် ၈ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ၇ ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလုပ်ရပ်တွေကြောင့် ကရင်နီပြည်က ကိုယ်ဝန်ဆောင် ၂ ဦး သေဆုံးခဲ့ရသလို ရခိုင်ပြည်က ၂၂ ဦး၊ စစ်ကိုင်းတိုင်းက ၁၂ ဦး၊ မကွေးတိုင်းက ၁၁ ဦး၊ တနင်္သာရီတိုင်းက ၆ ဦး၊ မန္တလေးတိုင်းက ၅ ဦး၊ ပဲခူးတိုင်းက ၂ ဦး၊ ရှမ်းပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့က ၁ ဦးစီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အမျိုးသမီး ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ သေဆုံးမှုအများဆုံး ဖြစ်ခဲ့တယ်လို့ BWU က ဆိုပါတယ်။
အခုနှစ် နှစ်ဆန်းပိုင်းကလည်း စစ်အုပ်စုကြောင့် အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့ပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ BWU က ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်
ပုံစာ – ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို မြင်ရပုံ
