ကရင်နီမှာ စက်သုံးဆီ ပြတ်လပ်သွားလို့ ဆေးဝါးကုသနေရတဲ့ စစ်ရှောင်တွေအတွက် အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ဆို

Author CJ Platform
Categories
Published on Mar 05, 2026

ကရင်နီဒေသမှာ စက်သုံးဆီ ပြတ်လပ်သွားတဲ့အတွက် ဆေးဝါးကုသဖို့ လိုအပ်နေတဲ့ စစ်ရှောင်တွေကို ဆေးရုံ၊ ဆေးခန်းဆီ အချိန်မီ မပို့ဆောင်နိုင်တာတွေ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မတ် ၃ ရက်ကစလို့ ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းမှာ စက်သုံးဆီ ဝယ်ယူလို့မရတော့တဲ့အထိ ပြတ်လပ်သွားတဲ့ အခြေအနေ ဖြစ်နေတာ ဖြစ်ပါတယ်။

 

လက်ရှိမှာ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရေပေးဝေမှု ရပ်တန့်လုနီးပါး ဖြစ်ခဲ့သလို စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

 

“အခုရာသီက ရေရှားပါးတဲ့အချိန်လည်း ဖြစ်သလို ဆီပြတ်လပ်မှုကြောင့် ပိုဆိုးသွားတဲ့သဘောပါ။ မနေ့ညက တစ်လီတာ ၆,၀၀၀ ကျပ် ဖြစ်သွားတယ်လို့ သိရတယ်။ အခုတော့ ရောင်းစရာ ဆီမရှိတော့ဘူးလို့ ပြောကြတယ်။ ဆေးရုံ၊ ဆေးခန်းဆီ အချိန်မီ မရောက်ရှိနိုင်တာကြောင့် မိခင်၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်ကို လုံးဝထိခိုက်နိုင်တယ်” လို့ ဦးဗညားက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မတ် ၁ ရက်ကစလို့ အရှေ့အလယ်ပိုင်းပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီတွေကို ပြည်ပကို ရောင်းချတာ ယာယီရပ်တန့်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။

 

အဲဒီနောက် ကရင်နီအပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတွေအပြင် စစ်ကိုင်းနဲ့ မန္တလေးတို့မှာတောင် စက်သုံးဆီ ပြတ်လပ်မှု စတင်ဖြစ်ပေါ်ပြီး ဈေးနှုန်းမြင့်တက်မှုတွေလည်း ရှိနေပါတယ်။

 

စစ်အုပ်စုကလည်း ပြီးခဲ့တဲ့ မတ် ၃ ရက်မှာ စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက်၊ မရက်ခွဲပြီး တစ်ရက်ခြားစီသာ လမ်းမတွေပေါ် မောင်းနှင်ဖို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ-ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

 

Related News

Depend on news