ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်က ပြည်သူတွေကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲ
မြန်မာပြည်သူတွေ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေကိုပါ စစ်ကော်မရှင်က နည်းပညာနဲ့ ပိုမိုစောင့်ကြည့်ထိန်းချုပ်ဖို့ လုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို ပိုမိုဂရုစိုက်ကြဖို့ လိုအပ်ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က CJ Platform ကို ပြောပါတယ်။
ပြည်တွင်းမှာရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT၊ ATOM၊ U9 နဲ့ Mytel တို့ကနေတစ်ဆင့် ပြည်သူတွေ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေရဲ့ စက်ပစ္စည်းအမှတ်အသား (IMEI) နံပါတ်တွေကို စစ်ကော်မရှင်က ရယူဖို့ လုပ်ဆောင်နေပြီး ဒါဟာ မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုပါ စောင့်ကြည့်နိုင်တဲ့ အခြေအနေပါ ရှိလာတယ်လို့ သိရပါတယ်။
“ဖုန်းက အခွန်မဆောင်ထားဘူးဆိုရင် ဖုန်းကို သုံးလို့မရအောင် ပိတ်ချ (Ban) လိုက်တာမျိုး လုပ်လို့ရတယ်။ ပြီးတော့ ဒီဖုန်းကို သုံးမယ်ဆိုရင် ဆင်းကတ်အော်ပရေတာတစ်ခုနဲ့ ချိတ်ဆက်ရတာမျိုး၊ တခြား Network တစ်ခုနဲ့ ချိတ်ဆက်ရတာမျိုးရှိတော့ ဆင်းကတ်မှတ်ပုံတင်တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးရတာရှိတယ်။ ဒီ Device တွေကို control လုပ်လို့ရတယ်လို့ ပြောနိုင်ပါတယ်” လို့ ကိုသစ်ဉာဏ်က CJ Platform ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ထဲ အလိုအလျောက် ထည့်သွင်းဖို့ လုပ်ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပြီး ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ဖုန်းတွေထဲမှာ ဆင်းကတ်တွေ ထည့်သွင်းအသုံးပြုနေဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါဟာ မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ ဖုန်းထဲမှာရှိတဲ့ App တွေကို ဆက်သွယ်ရေးကွန်ရက် ဆင်းကတ်တွေကနေတစ်ဆင့် နည်းပညာအရ ဝင်ရောက်စောင့်ကြည့် ထိန်းချုပ်နိုင်တဲ့ အခြေအနေလည်း ဖြစ်နေတာကြောင့် ဥပဒေစိုးမိုးရေး အားနည်းပျက်စီးနေချိန် ပြည်သူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးစံနှုန်းတွေ ချိုးဖောက်ခံရနိုင်တဲ့ အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။
“ ထိရှ လွယ်တဲ့ data၊ info၊ app ပါတာတွေကို SIM လုံးဝ မထည့်ပဲ second line number နဲ့ပဲ သုံးပြီး handset သီးသန့်ထား။ WiFi ပဲချိတ်သုံးရမှာပဲ။ ခုကတော့ အဲ့လိုပဲ ကိုင်တွယ်နိုင်မှာပါ။ အရေးကြီးတဲ့ ဖုန်းကို အပျောက်ထားဖို့ စတင် ပြင်ဆင် သင့်ပါပြီ”လို့ နည်းပညာရှင်တစ်ဦးကလည်း အကြံပြုပါတယ်။
ဒါကြောင့် ပြည်တွင်းက သုံးစွဲသူပြည်သူတွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းမှာ ပါဝင်နေသူတွေအနေနဲ့ ပြည်တွင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုတဲ့အခါ ဒီလိုစနစ်တွေကို ရှောင်လွှဲနိုင်ဖို့ အခြားရွေးချယ်စရာ နည်းလမ်းတွေကို ရှာဖွေအသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း ဒစ်ဂျစ်တယ်လုံခြုံရေး မူဝါဒဆိုင်ရာတွေကို အမြဲမပြတ် ဆွေးနွေးသုံးသပ်ဖို့ လိုအပ်သလို နည်းပညာပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းသူ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ကိုသစ်ဉာဏ်က အကြံပြုထားပါသေးတယ်။
