ဘိန်းခင်းထဲ တိမ်မြုပ်တော့မယ့် အင်းလေးကန်


မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည့် အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေချိုင့်ဝှမ်း၏ အလယ်တွင် တည်ရှိသည်။ ကမ္ဘာကျော် ဖောင်တော်ဦးဘုရားသည် အင်းလေးဒေသ၏ ပုံရိပ်တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အရေးပါလှသည့် လောပိတရေအားလျှပ်စစ်စက်ရုံ အဓိကတည်ရှိ လည်ပတ်ရာ ဘီလူးချောင်းသည် အင်းလေးကန်မှ မြစ်ဖျားခံသည်။ ဘီလူးချောင်းသည် အင်းလေးကန်မှ သန္ဓေတည်ကာ ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းပြီး လောပိတရေအားလျှပ်စစ်စက်ရုံကို ထောက်ပံ့သည်။

တောင်ပတ်လည်ဝိုင်းနေသည့် အင်းလေးကန်အလှတရားသည် သဘာဝအားဖြင့် ပျက်စီးမှုအများဆုံး ဖြစ်နိုင်သည့် သဘာဝတရားကို ပိုင်ဆိုင်ထားကြောင်း ရေနှင့်ပတ်ဝန်းကျင်ပညာဌာန ပါမောက္ခ ဒေါက်တာစောယုမေ (CDM) က မှတ်ချက်ပြုသည်။

ဘိန်းအပါအဝင် သစ်တောများကို ခုတ်လှဲကာ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ ထင်းဖုတ်ခြင်း၊ ထုံးထုတ်ခြင်း၊ စစ်ဘေးတိမ်းရှောင်ရကာ နေရာချဲ့ထွင်ခြင်းနှင့် သစ်တောများအား ခုတ်ထွင်ရှင်းလင်းခြင်းတို့သည် အင်းလေးကန်၏ အဓိကပျက်စီးမှုကို ဖြစ်ပွားစေသည့် နုန်းကျဆင်းစေခြင်း၏ နောက်ကွယ် အကြောင်းအရင်းများဖြစ်ကြောင်း ဒေါက်တာစောယုမေက သုံးသပ်သည်။

“ကလောကနေ အင်းလေးကန်ကို လမ်းလျှောက်ဖူးတယ်။ ရေဝင်ရေလွှဲပေါက်တွေအကြောင်းကို သိချင်လို့ဆိုပြီး သုံးရက်လမ်းမှာအိပ်ပြီးတော့ လမ်းလျှောက်ရတယ်။ အဲဒီဘက်မှာဆိုလည်း တအားဆိုးတယ်၊ စိုက်ပျိုးရေးချဲ့ထွင်တာပေါ့။ မြေဆီလွှာပျက်စီးမှုတွေ ဖြစ်နေတာတွေက အများကြီး။ အဲဒါကြောင့် အဲဒီနားက မြေကြီးတွေအကုန်လုံး အင်းလေးကန်ထဲကို ရောက်သွားတယ်ဆိုတာကို သိတာ” ဟု ဒေါက်တာစောယုမေက ပြောသည်။

အင်းလေးကန်အတွင်းသို့ တောင်ကျရေများသည် နိမ့်ရာကနေ မြင့်ရာ၊ မြင့်ရာကနေ နိမ့်ရာ စီးဆင်းနေသည့် သဘာဝအပြင် ဘိန်းစိုက်ပျိုးမှုကဲ့သို့သော အကြောင်းအရင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှုကြောင့် ထိန်းချုပ်ရန် ခက်သည့်အခြေအနေတွင် ရှိသည်။

အထက်ပါအခြေအနေအား ဒေသခံ အင်းသားများသာမက ပြည်တွင်းသဘာဝတရားကို ချစ်မြတ်နိုးသူတိုင်း ထိန်းသိမ်းရန် အရေးကြီးနေကြောင်း ပါမောက္ခ ဒေါက်တာစောယုမေက သတိပေးသည်။

“အင်းလေးကန်က Land News တွေ ချိန်းသွားတယ်။ ချိန်းသွားလို့ဖြစ်လာတဲ့ နှုန်းတွေက တန်းတောင်တို့၊ အင်းတိန်တို့ ချောင်းတွေထဲကို စီးဝင်သွားတာ။ အင်းလေးကန်ထဲ နေနေတဲ့သူတွေက ထင်တယ်၊ သူတို့ထိန်းသိမ်းလို့ မရဘူး။ အင်းလေးကန်ကြီးတစ်ခုလုံး ရေပိုရေလွှဲကြီးတစ်ခုလုံး သုတေသနတစ်ခုလုံးကို အင်တာဗျူးကြည့်တဲ့အချိန်မှာ အင်းလေးကန်ဆိုတာ တချို့ဆို သိတောင်မသိဘူး။ သူတို့လုပ်သမျှက အင်းလေးကန်ကိုသွားပြီး ထိခိုက်နေတယ်။ ဥပမာအားဖြင့် ပင်းတယလောက်မှာနေတဲ့သူဆိုရင် သူတို့လုပ်လိုက်လို့ ဒီအင်းလေးကန်ကြီးဟာဆိုရင် သူတို့မကောင်းတဲ့စိတ်နဲ့ လုပ်လိုက်တာ မဟုတ်ဘူး” ဟု ဒေါက်တာစောယုမေက ပြောသည်။

ကရင်နီပြည်နှင့် ရှမ်ပြည်နယ်တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု သိသာစွာ မြင့်တက်လာရခြင်း၊ သစ်တောတွေ ခုတ်ထွင်ရှင်းလင်းကာ ရွှေ့ပြောင်းတောင်ယာ ချဲ့ထွင်ခြင်းများသည် စစ်အာဏာသိမ်းခြင်း နောက်ဆက်တွဲ ပဋိပက္ခဖြစ်စဉ်များကြောင့် ဖြစ်သည်။

မိမိတို့ နေရပ်ဇာတိကို စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်ရသူများသည် စားဝတ်နေရေးအတွက် သစ်တောများကို ခုတ်ထွင်ကာ တောင်ယာစိုက်ပျိုးကြသည်။ တောင်ယာလုပ်ငန်းသည် ကုန်စည်စီးဆင်းမှုမရှိ၊ ဝယ်သူမရှိနှင့် လုပ်ငန်းအရှုံးပေါ်ခြင်းများကြောင့် တောင်ယာအစား ရောင်းချရလွယ်ကူသည့် ဘိန်းစိုက်ပျိုးခြင်းကို ရွေးချယ်လာကြသည်။

“ဒီမှာက ဘိန်းစိုက်ရင် တကူးတက သွားရောင်းစရာ မလိုဘူး။ အိမ်မှာစောင့်နေရုံပဲ။ တချို့ဆို မစိုက်ခင်ကတည်းက ဆက်သွယ်ကြတာ။ ဘိန်းက တစ်ရာသီနဲ့ တစ်ရာသီ အထွက်နှုန်းရော၊ အောင်လား မအောင်လားရော ခန့်မှန်းလို့မရဘူး၊ ရာသီဥတုနဲ့ ရေအပေါ် မှီခိုသေးတယ်” ဟု ရှမ်း(တောင်)-ကရင်နီ နယ်စပ်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သည့် ဒေသခံ ကိုဦး (အမည်လွှဲ) က ပြောသည်။

အင်းလေးကန် ရှိနေသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဘိန်းစိုက်တောင်သူတို့ အရင်းအနှီးသည် တစ်ဧကလျှင် သိန်း ၄၅ သိန်းမှ ၇၀ ကြား ကုန်ကျသော်လည်း ရှမ်းတောင်နှင့် ထိစပ်နေသည့် ဒီးမော့ဆိုမြို့ (အနောက်ခြမ်း) တွင်မူ ရေအရင်းအမြစ် ရှားပါးသည့်အတွက် ဘိန်းစိုက်ခင်း ၁ ဧကကို ကျပ်သိန်း ၂၀၀ ခန့် ကုန်ကျပြီး အလုပ်သမားခနှင့် အထွေထွေကုန်ကျစရိတ်များ ထည့်သွင်းထားခြင်း မရှိသေးကြောင်း ယင်းနေရာရှိ ဘိန်းလုပ်သားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က ဘိန်းခင်းစောင့်ပေးရတာ၊ တစ်ရာသီကို တစ်လုံး (ဘိန်းမည်း တစ်ပိဿာ (အခြောက်)) ရတယ်။ ရေကတော့ နှစ်ရက်ကို တစ်ဂါလံလောက် ကုန်တယ်။ ရေဖိုးက တစ်ခါထည့်ရင် ခြောက်သောင်းလောက်ကျတယ်၊ ဒါတောင် ခြစ်တာတို့၊ ပေါင်းသင်တာတို့ မပါသေးဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်၏ ရေဝေရေလဲစနစ်များ မည်မျှ ပျက်သုဉ်းသွားသည်ကိုမူ တိုင်းတာမည့်သူ၊ ကာကွယ်မည့်သူ မရှိ။

အင်းလေးကန်သို့ ခရီးသွားလာခဲ့သည့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်နေတစ်ဦးကမူ အင်းလေးကန်သည် လွန်ခဲ့သည့် ၈ နှစ်တုန်းကနှင့် သိသိသာသာ ကွဲလွဲသွားခဲ့ပြီး မည်သည့်နှစ်တွင် မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို မသိရှိကြောင်း ပြောသည်။

“အလည်သွားတာ၊ အင်းလေးက အရင်ကထက် တော်တော်ကို ပူလာတာ။ ပြီးတော့ ရေဆိုရင်လည်း အရင်လောက် မရှိတော့ဘူး။ လှော်တက်နဲ့ အချို့နေရာတွေဆို ထိုးကြည့်လို့ ပါရတယ်။ ကျန်တာတော့ သိပ်မပြောင်းလဲပါဘူး။ ခရီးကလည်း တစ်ခေါက်တစ်ခေါက် မရောက်ဖြစ်တာ တော်တော်ကြာတော့ ဘာကြောင့်မှန်းသာ မသိတာ၊ ပြောင်းလဲသွားတာတော့ လူတိုင်းပြောတယ်” ဟု ၎င်းက ပြောသည်။

အင်းလေးကန် အပေါ်ပတ်လမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကမူ ဘိန်းစိုက်ဧရိယာ အများဆုံးသည် ဖယ်ခုံအင်းဘက်ခြမ်းတွင် အများဆုံးရှိပြီး အာဏာသိမ်းကာလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် လူသေဆုံးမှုများရှိပြီး ပြုပြင်ဆောင်ရွက်ခြင်းများသည်လည်း ထိရောက်မှု မရှိသေးကြောင်း ပြောသည်။

“၂၀၂၄ စက်တင်ဘာမှာ တောင်တွေပြိုတယ်၊ မြေတွေလည်း ပြိုတယ်။ အင်းထဲကို နုန်းမြေတွေ ရောက်တယ်၊ ကျွန်းမျောတွေ ပျောက်ကုန်ပြီး ဗေဒါတွေက မှော်ဘီတံတားမှာ သွားပိတ်နေတော့ မိုးတွင်းဆို ရေအရမ်းတက်ပြီး နွေဆို နုန်းတွေကြောင့် အင်းလေးကန်က တိမ်လာတာ။ ကြားထဲမှာက ငလျင်‌ဘေးပါ ထပ်ကြုံရသေးတယ်၊ အဲဒီချိန်က ရေအတော်ခမ်းသွားသေးတာ” ဟု ၎င်းက ပြောသည်။

ဘိန်းစိုက်ပျိုးမှုများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်လေးပင်ရွာမှ အင်းစပ်ဘက်ဆင်းသည့် နန်းတုတ်ရွာဘက်ခြမ်းတွင် ဘိန်းခင်းများစွာ တိုးပွားလာပြီး ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းစိုက်ဧရိယာသည် ဧက ၂၀ နီးပါး တိုးပွားလာကာ ဒေသခံများနှင့် စစ်ရှောင်များပါ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာခြင်းသည် သဘာဝဘေးအန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်ကြောင်း အင်းလေးကန် လူထုလှုပ်ရှားမှု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပင်လောင်းနဲ့ ဆီဆိုင်မှာ ဘိန်းခင်းတွေ တိုးလာတယ်။ အင်းရေနဲ့ အတော်ဝေးလို့ ဒေသခံတွေက မစိုးရိမ်ကြတာ။ ဖယ်ခုံအင်းနားတစ်လျှောက်ဆို ဘိန်းခင်းတွေချည်းပဲ။ အဲဒီတော့ ရာသီဥတုက သိသိသာသာ ပြောင်းလဲလာတယ်၊ ပိုပူလာမယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကဆို တစ်နှစ်လုံး မိုးကြီးတယ်၊ ဒေသခံတချို့ဆို နွေစပါး မိုးမိ၊ မိုးစပါး ပျိုးပင်ကတည်းက တချို့ ရေမြုပ်လို့ ရှုံးတယ်။ ၂၀၂၅ ခုနှစ်မှာ နှုန်းမဆယ်နိုင်လို့ ရေကြီးတယ်၊ ရေတက်လာတယ်။ မြေပြင်မှာ ဘယ်သူမှ ကွင်းဆင်းပြီး သေချာမလုပ်နိုင်တော့ဘူး၊ စစ်တပ်ကိုလည်း ကြောက်ရ၊ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ကြောက်ရဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ရေအရင်းအမြစ် ကျွမ်းကျင်သည့် ဒေသခံပညာရှင်တစ်ဦးကမူ အင်းလေးကန်ရေ ရှားပါးမှုသည် ဘိန်းစိုက်ပျိုးခြင်းနှင့် ဆက်စပ်နေပြီး ထိန်းကျောင်းမှုများ မပြုလုပ်ပါက ဖယ်ခုံအင်းသည် လုံးဝပျောက်ကွယ်သွားနိုင်ပြီး အင်းလေးကန်လည်း တိမ်ကောလာနိုင်ကြောင်း ထောက်ပြသည်။

ရှမ်းတောင်နှင့် ကရင်နီ-ရှမ်း(တောင်) နယ်စပ်တစ်လျှောက်တွင် ဘိန်းခင်းများအတွက် ရေသွယ်ယူခြင်းများနှင့် ဓာတ်မြေဩဇာများ မြေအောက်ရေအတွင်းသို့ စိမ့်ဝင်နေခြင်းကြောင့် ရေနေသတ္တဝါများစွာ မျိုးသုဉ်းလာမည့် အန္တရာယ်ကို စိုးရိမ်နေရပြီး ထိရောက်သည့် ထောက်ပံ့မှုနှင့် ပြင်ဆင်ခြင်းများ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ ဒေသများတွင် စစ်ကောင်စီတပ်နှင့် နယ်မြေအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များသည် ဘိန်းစိုက်ပျိုးမှုကို တားဆီးရန်ထက် နှစ်ရှည်ခိုင်မြဲအောင် စစ်ကောင်စီတပ်သည် အာဏာမသိမ်းခင်ကတည်းက ပံ့ပိုးလာခဲ့ခြင်းဖြစ်သည်။ ဟန်ပြဘိန်းခင်းများ ထားရှိကာ ဖျက်ဆီးပြသည်အထိ အာဏာသက်ရောက်မှုရှိကြပြီး အကျိုးတူစီးပွားရေးအား နှစ်ပေါင်း ၅၀ ကျော် ပြုလုပ်နေသည်မှာ တားသူပင်မရှိကြောင်း ရှမ်းတောင်-ကရင်နီပြည်နယ်စပ်ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

UNODC ၏ “Myanmar Opium Survey” အစီရင်ခံစာမှာ မြန်မာ့ဘိန်းစိုက်ပျိုးမှုသည် ၂၀၂၁ ခုနှစ်တွင် ၂ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ စိုက်ပျိုးဧရိယာပေါင်း ၄၇,၁၀၀ ဟက်တာကနေ ဘိန်း ၁,၀၈၀ မက်ထရစ်တန်အထိ ထုတ်လုပ်ကာ ကမ္ဘာ့အဆင့် ၁ ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိသည်။

 

အထက်ပါ ဘိန်းထုတ်လုပ်မှု တိုးပွားလာခြင်းသည် စစ်ကောင်စီနှင့် အကျိုးတူစီးပွားဖက် လက်နက်ကိုင်များ၏ နှစ်ရှည်လများ စီမံကိန်းဖြစ်ပြီး ပြည်သူများတွင် ဘိန်းအစားထိုးသီးနှံ ထောပတ်သီးများကိုပင် မရောင်းချနိုင်သဖြင့် မည်သည့်နည်းဖြင့် တားဆီးရန် အဖြေရှာမတွေ့သေးကြောင်း ရှမ်းတောင်-ကရင်နီပြည်နယ်စပ်ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

 

“ဟိုးအရင်ကတည်းကသာ ဘိန်းစိုက်တာကို ဖျက်ချင်ရင် ပျက်တာကြာပြီ။ ရဲကလည်း ယူတယ်၊ တပ်ကလည်း အခွန်ကောက်တယ်၊ နယ်မြေခံ EAO ကိုလည်း ဆက်ကြေးပေးရတယ်။ ဘိန်းစိုက်တဲ့သူတွေက ဘုံအခင်းတစ်ခုစီ စိုက်ထားကြတယ်၊ အဲဒါက ဖျက်ဆီးဖို့။ တပ်က ဘိန်းခင်းတွေ အဖျက်ပြတယ်ဆိုတာ အဲဒီစိုက်ခင်းတွေ။ ဘိန်းစိုက်တာက အခုမှ မဟုတ်ဘူး၊ မိရိုးဖလာလို ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတို့တွင် ဘိန်းစိုက်တောင်သူများသာမက စစ်ရှောင်များနှင့် ဒေသခံအင်အား ၅၀၀ နီးပါးပါ တစ်ပိုင်တစ်နိုင် တိုးချဲ့စိုက်ပျိုးလာသဖြင့် ဘိန်းထုတ်လုပ်မှုများသည် ယခင်နှစ်ထက် အတက်ဘက်သို့ ဦးတည်နေသည်။

 

စစ်အာဏာသိမ်းမှု ပဋိပက္ခများကြောင့် ပြည်သူများ စစ်ဘေးတိမ်းရှောင်ရသည်။ စစ်ဘေးတိမ်းရှောင်ရင်း စားဝတ်နေရေးအတွက် သစ်တောခုတ်ကာ ရွှေ့ပြောင်းတောင်ယာကို လုပ်ဆောင်ကြသည်။ ရွှေ့ပြောင်းတောင်ယာသည် ပဋိပက္ခများကြောင့် အရှုံးပေါ်သည်။ ထို့ကြောင့် ဘိန်းကို ပိုမိုစိုက်ပျိုးကြသည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်ရင်း အင်းလေးကန်နှင့် ဘီလူးချောင်းကို ဝိုင်းဝန်း ဖျက်သိမ်းသကဲ့သို့ ရှိနေသည်။

 

“This story was supported by Internews’ Earth Journalism Network”